ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စစ်တပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က ဆက်လက် ထိုးစစ်ဆင်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
ယနေ့ (ဇန်နဝါရီ ၁၀)၊ နံနက် ၆ နာရီတွင် AA က မင်းပြားမြို့နယ်ရှိ တပ်စခန်းများကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူတို့ဖြင့် ခုခံသည်ဟု ဒေသခံများထံမှ သိရသည်။
ဆင်ကြီးပြင်ကျေးရွာအနီးရှိ အမှတ် ၃၈၀၊ ၃၇၉၊ ၅၄၁ ခြေမြန်တပ်ရင်းစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားမီကပင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဆင်ကြီးပြင် ကျေးရွာသားတစ်ဦးက ပြောသည်။
“တခြားရွာတွေကိုလည်း လက်နက်ကြီးကျတယ်။ ကျွန်တော်တို့ရွာကိုလည်း လက်နက်ကြီးတစ်လုံး ကျလို့ မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒါပေမဲ့ ဒဏ်ရာသိပ်မပြင်းထန်ဘူး” ဟု ၎င်းက ဆိုသည်။
“နေရာအားလုံးမှာ တိုက်ပွဲဖြစ်နေတော့ ကျွန်တော်တို့မှာ ပြေးစရာမြေမရှိတော့ဘူး။ ဟိုသွားလည်း ဟိုနေရာမှာ ဖြစ်နေတော့ ဘယ်ကို သွားရမလဲ။ သေရင်လည်း ဒီမှာ သေပါမယ်”
ဆင်ကြီးပြင်ကျေးရွာတွင် လူဦးရေ သုံးထောင်ကျော် နေထိုင်ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် တစ်မိုင်နီးပါးသာ ဝေးကွာသည်။
မင်းပြားမြို့ဒေသခံတစ်ဦးက နံနက် ၉ နာရီခန့်တွင် လေယာဉ်နှစ်စီး ရောက်လာပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာများကို ဗုံးကြဲနေသည်၊ မင်းပြားမြို့ ကျိန်းတောင်တွင် တပ်စွဲထားသည့်တပ်စခန်းကလည်း လက်နက်ကြီးပစ်ကူပေးနေသည်ဟု ဆိုသည်။
“မနက်စောစောက တိုက်ပွဲဖြစ်တယ်။ ၆ နာရီခွဲလောက်ကနေ တိုက်ပွဲစဖြစ်တယ်။ တစ်နာရီလောက်ကြာကြာ ပစ်ခတ်သံကြားလိုက်တယ်။ စစ်ကောင်စီတပ်ဘက်ကတော့ တစ်ညလုံး ပစ်နေတာ။ တိုက်ပွဲကတော့ မနက်မှ ဖြစ်တာ။ လေယာဉ်နဲ့လည်း ပစ်လာတယ်” ဟု ၎င်းက ပြောသည်။
မင်းပြားမြို့ထဲမှ အမျိုးသားတစ်ဦး လက်နက်ကြီးထိပြီး ဒဏ်ရာရရှိထားကြောင်း သူ၏ သမီးဖြစ်သူက Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“မင်းပြားမှာ ဖေဖေ လက်နက်ကြီးစ ထိလို့ ဘေးစပွင့်လင်းပါတယ်တဲ့။ အိမ်နားမှာ တစ်ယောက်တည်း ပိတ်မိနေပါတယ်။ တစ်ချက် ကူညီပေးကြပါဦး။ ဖုန်းလည်း တစ်ယောက်ကိုလည်း ဆက်မရဖြစ်နေပါလို့” ဟု သမီးဖြစ်သူက ရခိုင်ဘာသာစကားဖြင့် ရေးသားထားသည်။
အလားတူ ယနေ့ နံနက် ၄ နာရီခန့်တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ကန်စောက်တောင်ပေါ်ရှိ အမှတ် (၃၇၇) အမြောက်တပ်ရင်းစခန်းက ပစ်ခတ်သဖြင့် ဒေသခံတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ အသက် ၇၀ အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူမှာ ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်ဟု ဆိုသည်။
“သေဆုံးသွားတဲ့သူမှာတော့ ဒဏ်ရာက ခါးဆစ်မှာလို့ သိရတယ်။ ကိုယ့်အိမ်မှာ နေရင်း ဖြစ်သွားတာ။ အိမ်တစ်ဆောင်က ပျက်စီးသွားတယ်။ ပြီးတော့ ဆိုင်ခန်းတစ်ခန်းလည်း ပျက်သွားတယ်။ ဒဏ်ရာရတဲ့သူအိမ်လည်း ပျက်စီးသွားတယ်” ဟု ၎င်းက နေ့လယ် တစ်နာရီခန့်က ပြောသည်။
“သင်္ဂြိုဟ်ဖို့ သွားတဲ့ မိသားစုလည်း လက်နက်ကြီးနဲ့ ပစ်နေလို့ အခု သင်္ဂြိုဟ်မရသေးဘူးတဲ့”
မြောက်ဦးတိုက်ပွဲ
ယမန်နေ့ (ဇန်နဝါရီ ၉)၊ မွန်းလွဲပိုင်းက အမှတ် ၅၄၀ ခြေမြန်တပ်ရင်း (ခမရ) ၏ စစ်ကြောင်း မြို့အပြင်ရှိ အမှတ် (၃၁) ရဲတပ်ရင်းသို့ သွားရာတွင် ရခိုင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးမြို့၊ သကျမာရ်အောင်ဘုရားအနီး AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်၊ အင်အား ၅၀ ကျော်ပါသည့် ထိုစစ်ကြောင်းမှ သေဆုံး၊ ဒဏ်ရာရသူ ရှိသည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်မှ အမျိုးသားတစ်ဦး သေဆုံးသည်၊ အခြားဒေသခံ ၃ ဦးလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဖြစ်စဉ်များကို သိရှိသည့် မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
“အလောင်းက အလယ်စျေးရပ်ကွက်က တစ်ယောက်တွေ့တယ်။ သကျမာရ်အောင်ကျောင်းဝင်းက နှစ်ယောက်။ ပြီးတော့ ဆင်ချဆိပ်စျေးငယ်လေးက တစ်ယောက်တွေ့တယ်။ ဒဏ်ရာတွေကတော့ အလယ်စျေးကလူမှာလည်း ခေါင်းမှာ။ သကျမာရ်အောင်ကျောင်းဝင်းထဲက နှစ်ယောက်မှာလည်း ခေါင်းမှာ” ဟု ၎င်းက ပြောသည်။
“နောက်တစ်ယောက်ကိုတော့ နေလည်း မှောင်နေပြီဆိုတော့ ကြည့်ဖို့မရခဲ့ဘူး။ အဲဒီတစ်ယောက်ကတော့ လက်နက်ကြီးကျတယ်လို့ သိရတယ်။ ကျန်တဲ့သူတွေကတော့ အနီးကပ် အပစ်ခံရတာ။ ဒဏ်ရာတစ်ချက်တင် မကဘူး။ ဘယ်နှစ်ချက်ပေါင်း ပစ်သွားတာ မသိဘူး။ အရုပ်တွေတော့ ပျက်နေပြီ”
လက်ရှိတွင် မြောက်ဦးမြို့အတွင်းတွင် လူအနည်းငယ်သာ ကျန်ရှိတော့ပြီး အများစုမှာ ဘေးလွတ်မည်ဟု ယူဆရသည့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်သည်။
လက်ရှိတွင် မြို့တွင်းတွင် ရဲနှင့် စစ်သားများ မရှိတော့ဘဲ ခမရ ၅၄၀ ၊ ၃၇၇၊ ၃၇၈ တပ်ရင်းနှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့တွင်သာ ရှိနေကြသည်ဟု သိရသည်။
“စစ်ကောင်စီကတော့ မြို့ကို မလာတော့ဘူး။ မနေ့က သူတို့ထွက်လာတော့ တိုက်ပွဲဖြစ်တာ” ဟု ၎င်းက ထပ်မံပြောသည်။
မြောက်ဦးမြို့ဝင် မုခ်ဝတွင်လည်း ရခိုင်အောင်လံကို AA က စိုက်ထောင်ထားသည်၊ မြို့တွင်းနှင့် စစ်ကောင်စီတပ်စခန်းများ တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက ဆိုသည်။
“လွန်ခဲ့သည့် သုံးလေးရက် အလံစိုက်ထားတာ။ အဲဒါကတော့ မြို့ဝင်ဝကို သူတို့ (AA) ပိုင်စိုးတဲ့သဘော ဖြစ်မလားတော့ မသိဘူး။ အဲဒီလိုအဓိပ္ပာယ်နဲ့ လုပ်တာထင်ပါတယ်” ဟု အထက်ပါ မြောက်ဦးမြို့ခံက ပြောသည်။
သကျမာရ်အောင်ဘုရားအနီးတွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ကာ ၁၅ ဦးထက်မနည်း သေဆုံးကြောင်းလည်း AA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုစစ်ကြောင်းသည် မြို့တွင်းသို့ ဆုတ်ပြေးစဉ် လမ်း၌ တွေ့သည့် ဒေသခံ သုံးဦးကို လူသားဒိုင်းကာ လုပ်၍ ခမရ ၅၄၀ တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး ထိုသုံးဦးကို သေနတ််ဖြင့် ပစ်ခတ်သွားသည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် ညနေပိုင်းတွင် ထိုတပ်ရင်းမှ မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်၊ စစ်ရာဇဝတ်မှုကျူးလွန်နေသော ထိုတပ်ရင်းကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု AA က ကြေညာထားသည်။
မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ပလက်ဝ
ပလက်ဝမြို့နယ်ကို စစ်ကောင်စီကင်းစင်သည့်နယ်မြေ ဖြစ်လာနိုင်ရန် ကြိုးပမ်းနေရာ ကျန်ရှိနေသေးသော စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု AA က ယမန်နေ့က ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၉ တွင် တစ်ရက်လုံး ပလက်ဝမြို့အနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။
AA က ပလက်ဝကို အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်းလျက်ရှိသလို စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန် ခုခံနေသည်ဟု ဆိုသည်။
ထို့ပြင် AA က ပလက်ဝနှင့် ကျောက်တော်မြို့နယ်ကြားရှိ မီးဝဗျူဟာကုန်းကိုလည်း ထိုးစစ်ဆင်နေရာ စစ်ကောင်စီလေတပ်ကလည်း ကြိမ်ဖန်များစွာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီက ထိုးစစ်ဆင်ခံနေရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအများစုကို AA နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းယူထားသည်ဟု ပလက်ဝအခြေစိုက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၏ စစ်ဗျူဟာမှူး-၂ ဆလိုင်းဂျိုရှဝါ (Salai Joshua) က ပြောသည်။
“တော်တော်များများက သိမ်းခံလိုက်ရပြီ၊ ကျန်တာက ဆမီးဘက်မှာ ဆမီးဗျူဟာကုန်း ကျန်မယ်၊ ပလက်ဝမြို့မှာက ၂၈၉ တပ်ရင်းဗျူဟာကုန်း ကျန်ပြီးတော့မှ မြို့ပြင်မှာက စခန်းသေးသေးလေးတွေ၊ ဂိတ်အနေနဲ့ ထိုင်ထားကြတာ” ဟု ဆလိုင်းဂျိုရှဝါက ပြောသည်။
“ကျန်တာတွေအကုန်လုံးကို AA က အကုန်သိမ်းပြီးပြီပေါ့နော်။ AA ပဲ လှုပ်ရှားပြီးတော့ သူတို့ပဲ စခန်းသိမ်းတာ များပါတယ်။ အခုလည်း သူတို့လည်း ကျန်နေတဲ့စခန်းတွေကို သူတို့ပဲ ထိုးစစ်ဆင်နေတဲ့သဘောပါ”
ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့က ပလက်ဝမြို့ရဲစခန်းကို AA က သိမ်းယူထားထားသလို မြို့ပေါ်တွင်လည်း တိုက်ပွဲများဖြစ်နေကာ ကုလားတန်မြစ်ဘေးရှိ ပလက်ဝအခြေစိုက် စစ်တပ်ဗျုဟာ ၃ ခုကို AA က သိမ်းပိုက်ထားသည်။
လက်ရှိတွင် ဆမီးမြို့ရှိ ဗျူဟာကုန်းနှင့် ပလက်ဝမြို့ပေါ်ရှိ ဗျူဟာကုန်းနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း AA က ထိုးစစ်ဆင်နေပြီး လေတပ်ကလည်း အကြိမ်ကြိမ် ဗုံးကြဲနေကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့ပေါ်မှ ပြည်သူလူထုမှာ ကျေးရွာများသို့ ရှောင်တိမ်းနေရပြီး ဆမီးတစ်မြို့လုံး ထွက်ပြေးနေရကြောင်း CDF (ပလက်ဝ) ထံမှ သိရသည်။
“ပလက်ဝ ၂၈၉ ဗျူဟာကုန်းမှာ စစ်ဆင်ရေးလုပ်တော့ စစ်xx တွေက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာရှိမယ်၊ တချို့အိမ်တွေ ခေါင်မိုးတွေပေါက်တယ်၊ တချို့ မီးလောင်ထိခိုက်တာရှိတယ်။ ပလက်ဝက နေတဲ့လူ များသေးတယ်၊ ဆမီးဘက်မှာဆိုရင်တော့ ၈၀၀၀ နီးပါးရှိတာကို လူဦးရေအကုန်နီးပါး ထွက်ပြေးရတဲ့သဘောရှိတယ်” ဟု ဆလိုင်းဂျိုရှဝါ (Salai Joshua) က ဆက်ပြောသည်။
ပလက်ဝမြို့နယ်တစ်ခုလုံးတွင် စစ်ရှောင်နေရသူ ၃ သောင်းဝန်းကျင်ရှိကာ စားဝတ်နေရေးနှင့် ဆေးဝါးအကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။
CDF သည် စစ်တပ်အာဏာသိမ်းပြီး အကြမ်းဖက်ပစ်ခတ်မှုကို တုံ့ပြန်ရန် ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ချင်းပြည်နယ်မြို့နယ်များအလိုက် CDF တပ်ရင်းများ ဖွဲ့စည်းထူထောင်ထားသည်။
ယခုအခါ သက်တမ်းရင့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ပူးတွဲလှုပ်ရှားနေသည်။