ကချင်ပြည်နယ်မှ တော်လှန်ရေးပူးပေါင်းတပ်က ဖားကန့်မြို့နယ်ရှိ ဝှေခါစခန်းကို ဆက်လက် တိုက်ခိုက်နေပြီး စစ်ကူရောက်လာသည့် စစ်သား ၁၀ ဦးကိုလည်း သုံ့ပန်းအဖြစ် ဖမ်းမိထားသည်ဟု သိရသည်။
ဇန်နဝါရီ ၆ ရက်နေ့က မြို့အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ ဝှေခါရွာမှ စစ်ကောင်စီစခန်းကုန်းနှင့် ရဲစခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကချင်ဒေသကာကွယ်ရေးတပ်မတော် (KPDF) တို့က ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်တွင် တိုက်ပွဲ အဆက်မပြတ်ဖြစ်ပွားနေသည်၊ ထိုဒေသသို့ ရောက်လာသည့် စစ်ကူများကိုလည်း ကြားဖြတ် တိုက်ခိုက်လိုက်သည်ဟု အတည်ပြုသည်။
“မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ဘက်က လေကြောင်းနဲ့ ပစ်ကူလာတာရှိတယ်၊ စစ်ကူတွေကို လမ်းမှာ ဖြတ်တောက်ပြီးမှ တိုက်ခိုက်တယ်၊ အဲဒီအနေအထားဖြစ်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့ပြင် ယနေ့ (ဇန်နဝါရီ ၉ ရက်) နံနက် ၁၀ နာရီခန့်က ဖားကန့်မြို့အရှေ့မြောက်ဘက် ၁၇ မိုင်ခန့်အကွာ ကံဆီးစစ်တပ်ကုန်းမှ ဝှေခါရွာသို့ စစ်ကူသွားရန် အရပ်ဝတ်ဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သား ၁၀ ဦးကိုလည်း ဖမ်းမိထားသည်ဟု ဖားကန့် KPDF တပ်ဖွဲ့ဝင်က ပြောသည်။
“ကံဆီးကနေ အရပ်ဝတ်နဲ့ စစ်ကူလာတာပေါ့၊ လာတဲ့အခါမှာ အဲဒီကားကိုလည်း ကျွန်တော်တို့ ဖမ်းလိုက်နိုင်တော့ စစ်သုံ့ပန်း ၁၀ ယောက်လည်း ရတယ်” ဟု အဆိုပါ KPDF တပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်ကလည်း ယမန်နေ့ (ဇန်နဝါရီ ၈) နံနက် ၁၀ နာရီခန့်က စစ်လေယာဉ်ဖြင့် တစ်ကြိမ် ဗုံးကြဲခဲ့ပြီး ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းကလည်း လက်နက်ကြီးများဖြင့် တစ်နေ့လုံးနီးပါး ပစ်ကူပေးခဲ့သည်ဟု သိရသည်။
ယမန်နေ့က နံနက် ၄ နာရီခွဲခန့်မှစတင်ကာ အဆိုပါ စခန်းကုန်းကို KIA ပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေပြီး ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၈ ဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ဖားကန့် KPDF အဖွဲ့ထံမှ သိရသည်။
“တိုက်ပွဲဖြစ်တာ မပါသေးဘူး၊ ဒရုန်းနဲ့ မိုင်းချတာကိုပဲ ၈ ယောက် သေတယ်၊ အထဲမှာ ဘယ်လောက်ကျန်သေးလဲတော့ မသိရဘူး” ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ခိုက်ခံနေရသည့် အဆိုပါ စစ်ကောင်စီစခန်းကုန်းဘက်သို့ အင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်း ဇန်နဝါရီ ၈ ရက်တွင် ဝှေခါရွာသို့ စစ်ကူလာလာရာ KIA ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့သည်၊ ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ် ဆုတ်ခွာသွားသည့်အတွက် တိုက်ပွဲပြီးဆုံးသွားသည်ဟုလည်း သိရသည်။
ဇန်နဝါရီ ၇ ရက်နေ့ကလည်း အရပ်ဘက်သုံးကားများဖြင့် စစ်ကူရောက်လာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အဆိုပါ စစ်ကောင်စီတပ်များ နောက်ပြတ်ဆုတ်သွားခဲ့သည်ဟု သိရသည်။
ဝှေခါဒေသခံ ၁၀၀၀ ကျော်မှာမူ နီးစပ်ရာကျေးရွာများဖြစ်သည့် တာမခန်၊ ဆိုင်းတောင်နှင့် ဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်နေကြရသည်။
ဇန်နဝါရီ ၆ ရက်နေ့တွင် ဝှေခါတိုက်ပွဲနှင့်အပြိုင် ဖားကန့်-ကာမိုင်းလမ်းမပေါ်ရှိ နန့်ယားကျေးရွာ အထက်ဘက်မှ စစ်ကောင်စီတပ်၏ နမ့်တိန်စခန်းကိုလည်း KIA, KPDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
ဇန်နဝါရီ ၃ ရက်နေ့တွင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့၏ အထက်ဘက် နာဖော့ဒေသသို့ ရိက္ခာလာပို့သည်ဟု ယူဆရသည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချနိုင်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများပြင်းထန်လာသည့် ဒေသများထဲတွင် ကချင်ပြည်နယ်လည်း ပါဝင်ပြီး KIA/KIO ခေါင်းဆောင်များက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရေး ကြိုစားသွားမည်ဟု မကြာခဏ ပြောဆိုထားသည်။