အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဘိုနယ်မှ နာမည်ကြီး ပျူစောထီးခေါင်းဆောင် ရှင်းလင်းခံရ

စစ်တပ်နှင့် ပေါင်းကာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံလူထုကို ဒုက္ခပေးသည်ဟု နာမည်ထွက်သည့် ပျူစောထီးခေါင်းဆောင်ကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ယခုလ ၇ ရက်နေ့တွင် ရှင်းလင်းလိုက်သည်။

စစ်တပ်နှင့် ပေါင်းကာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံလူထုကို ဒုက္ခပေးသည်ဟု နာမည်ထွက်သည့် ပျူစောထီးခေါင်းဆောင်ကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ယခုလ ၇ ရက်နေ့တွင် ပစ်ခတ်လုပ်ကြံလိုက်သည်ဟု သိရသည်။

ရွှေဘိုမြို့နယ်အတွင်း ပျူစောထီးများ အင်အားကောင်းလာရန် စည်းရုံးခြင်း၊ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးရာတွင် လိုက်ပါလေ့ရှိသူ မြင်းစီးရွာမှ ဦးဌေးအောင်ကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တချို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူ့ကားပျက်နေတာကို ဝပ်ရှော့မှာ လာပြင်တာကို ကျွန်တော်တို့ဘက်က သတင်းရပြီးတော့ ဝင်ပြီးလုပ်ဖြစ်တာပါ၊ သူ့ကို ရှင်းလင်းဖို့ကို အတော်ကို ကြိုးစားခဲ့ရတာ၊ မုံရွာအထိကို လိုက်ပြီး လုပ်ဖူးတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုအတွင်း ဦးဌေးအောင်နှင့်အတူ ၂ ဦး သေဆုံးပြီး ၁ ဦး လွတ်မြောက်သွားကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသည်ဟုလည်း သိရသည်။

“ဦးဌေးအောင်က ပိုက်ဆံရှိတဲ့သူ၊ အာဏာမသိမ်းခင်က ကြံ့ခိုင်ရေးပါတီထဲမှာ ပိုက်ဆံရင်းပြီးတော့ နေရာရရေး အစွမ်းကုန်ကြိုးစားခဲ့တဲ့သူပါ၊ အာဏာသိမ်းတော့ စစ်တပ်နဲ့ပေါင်း၊ စစ်သင်တန်းတက်ပြီးတော့ ရွာတွေကို ဒုက္ခပေးတော့တာပဲ” ဟု မြင်းစီးရွာအနီးရှိ အခြားရွာတစ်ခုမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။

ဦးဌေးအောင်သည် ၎င်း၏ရွာကို စစ်စခန်းထိုင်ကာ ပျူစောထီးကျေးရွာအဖြစ် တည်ထောင်ခဲ့သည့်အပြင် ရွှေဘိုမြို့နယ်အတွင်း ပျူစောထီးများ အားကောင်းလာရန် လှည့်လည်စည်းရုံးခဲ့သူဖြစ်သည်ဟုလည်း ဒေသခံတို့က ဆိုသည်။

ရွှေဘိုမြို့နယ်အနောက်ခြမ်းသို့ ရေဦးမြို့ရှိ အထိုင်စစ်စခန်းများမှ စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်လာချိန်များတွင် ဦးဌေးအောင်၏ ပျူစောထီးအဖွဲ့ဝင်များက လိုက်ပါ အင်အားဖြည့် ကူညီလေ့ရှိကာ ကျေးရွာများကို စီးနင်းမီးရှို့ဖျက်ဆီးရာတွင်လည်း ပူးပေါင်းပါဝင်လေ့ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာချိန်တွင် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ပြည်သူ့စစ်များ၊ ပျူစောထီးများလည်း ပေါ်ပေါက်လာခဲ့သည်။

ယင်းနောက် ဦးဝါသဝဟူသည့် ရဟန်းတစ်ပါး ပျူစောထီးခေါင်းဆောင်အဖြစ် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ပေါ်ပေါက်လာပြီး PDF ထောက်ခံသည့် ရွာများကို မြန်မာ့မြေပုံမှ ဖယ်ရှားပစ်မည်ဟု ကြုံးဝါးခဲ့သည်။

NLD ပါတီဝင်များ၏ ဓာတ်ပုံ၊ နေရပ်လိပ်စာနှင့် သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ပြီး သတင်းပေးပို့ရန် ပျူစောထီးအဖွဲ့ (ဗဟို) က ညွှန်ကြားသည့် စာတစ်စောင်လည်း ၂၀၂၁ ခုနှစ် မေလအတွင်းက ထွက်ပေါ်ခဲ့သည်။

ပျူစောထီးများကို စစ်မှုထမ်းဟောင်းများ၊ အမျိုးသားရေးအစွန်းရောက်ဆိုသူများ၊ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ဦးဆောင်ဖွဲ့စည်းလေ့ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button