
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသအတွင်း တိုက်ပွဲပြင်းထန်နေသည့် လောက်ကိုင်မြို့တွင် ကိုးကန့်တပ် (MNDAA) က စစ်ကောင်စီ၏ အမှတ် ၃၂၂ ခြေမြန်တပ်ရင်းစခန်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်တွင် သိမ်းပိုက်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
မြို့မြောက်ဘက်၊ ထင်ပါကျိုင်းကျေးရွာရှိ ထိုစခန်းကို တစ်ညလုံးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားသည့်အတွက် အဆိုပါ စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပိတ်ဆို့ခံထားရသည့် စစ်စခန်းများသည် ရိက္ခာနှင့် ရေအခက်အခဲ ကြုံနေရလိမ့်မည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“ခမရ ၃၂၂ ကျသွားပြီ၊ အဲဒီနားကဆို တောင်ညီနောင်တော့ ကျန်သေးတယ်၊ ဒါပေမဲ့ စစ်တပ်က အခြေအနေမကောင်းဘူး။ ရိက္ခာ၊ ရေ မရှိရင် ဘယ်လိုတိုက်မှာလဲ” ဟု လောက်ကိုင်တွင် နေထိုင်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက လောက်ကိုင်မြို့ခံများကို ကိုးကားပြီး ပြောသည်။
ခမရ ၃၂၂ စခန်းမှ ဆုတ်ခွာသွားသူများက လောက်ကိုင်ရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်စခန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီတပ်သားများက ဒကစ (လောက်ကိုင်)၊ အမှတ် ၂၃၉ ခြေလျင်တပ်ရင်းစခန်း၊ အမှတ် (၇) ဆက်သွယ်ရေးတပ်စခန်းတို့တွင် ဆက်လက်တပ်စွဲထားဆဲဖြစ်သော်လည်း လောက်ကိုင်တစ်မြို့လုံးနီးပါးကို MNDAA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။
ဆက်သွယ်ရေးတပ်စခန်းလည်း တိုက်ခိုက်ခံနေရသည့်အတွက် အချိန်မရွေး သိမ်းပိုက်ခံရနိုင်ကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
ဒကစ (လောက်ကိုင်) ကိုလည်း MNDAA ပူးပေါင်းတပ်များက ဒီဇင်ဘာ ၃၀ ရက်နေ့ကတည်းက စတင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း အပြင်းအထန်ခုခံနေသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားမှုကို တရုတ်နယ်စပ်အနီးရှိ စစ်ရှောင်စခန်းများမှ ကြားနေရကြောင်း၊ မြို့တွင်းရှိ အချို့နေရာများတွင် မီးလောင်နေကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားနေကြသည်။
စစ်ကောင်စီလေတပ် ဗုံးကြဲတိုက်ခိုက်လာနိုင်သဖြင့် လောက်ကိုင်မြို့တွင်း၌ ကျန်ရှိနေသော ဒေသခံများ၊ နိုင်ငံခြားသားများ အမြန်ဆုံးထွက်ခွာကြရန် ဒီဇင်ဘာ ၃၀ ရက်နေ့ ရက်စွဲဖြင့် ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။
လောက်ကိုင်တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ပြောခွင့်ရသူ လီကျားဝင်းကို ဆက်သွယ်၍ မရသေးသလို စစ်ကောင်စီတပ်ကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
ဒေသတွင်းတိုက်ပွဲများ ပြင်းထန်နေချိန် ဒီဇင်ဘာ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းသုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တိုက်ပွဲများ သီတင်းတစ်ပတ်ခန့် ငြိမ်သက်ခဲ့သည်။
သို့သော် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကိုးကန့်အဖွဲ့က နယ်စပ်ဂိတ် ရန်လုံကျိုင်းကို သေနတ်မဖောက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကိုးကန့်အဖွဲ့က လောက်ကိုင်မြို့မြောက်ဘက်ရှိ ထင်ပါကျိုင်းကျေးရွာအုပ်စုအတွင်း တည်ရှိသည့်၊ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ တပ်စွဲထားသည့် ထင်ပါကျိုင်းစခန်း၊ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းတို့ကို သိမ်းလိုက်သည်။
နောက်ရက်များတွင်လည်း ရဲတပ်ရင်းစခန်းနှင့် မြို့တွင်းနေရာ အများအပြားကို MNDAA က ဆက်လက် သိမ်းပိုက်နိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် MNDAA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီး ကိုးကန့်ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၂၀ ကျော်၊ လောက်ကိုင်မြို့အနီးရှိ ကုန်းကြမ်း၊ ချင်းရွှေဟော်မြို့များအပါအဝင် မြို့ ၅ မြို့တို့ကို သိမ်းပိုက်ထားသည်။