အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော် ကင်းစခန်းများ ဘုရားနှင့် ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့

နေပြည်တော်လမ်းများပေါ်တွင် စခန်းချတတ်သည့် စစ်ကောင်စီတပ်ကို ဘာသာရေးအဆောက်အအုံများ ရှိသည့်နေရာတွင် တွေ့လာရသည်ဟု ဒေသခံတို့က ပြောသည်။

နေပြည်တော်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ကင်းစခန်းအများစုကို ရုပ်သိမ်းကာ ဘာသာရေးအဆောက်အအုံများသို့ ပြောင်းရွှေ့တပ်စွဲသည့်စနစ်ကို စစ်ကောင်စီက စတင်ကျင့်သုံးနေကြောင်း ဒေသခံများနှင့် ရဲများထံမှ သိရသည်။

ရုပ်သိမ်းလိုက်သည့် ကင်းစခန်းများ မြို့နယ်အသီးသီးရှိ  ဘုန်းကြီးကျောင်းတချို့တွင် တပ်စွဲနေကြောင်း နေပြည်တော်အခြေစိုက် စစ်ကောင်စီ ရဲအရာရှိတစ်ဦးက ဆိုသည်။ နေရာပြောင်းလိုက်သဖြင့် နေရေးထိုင်ရေး ပိုမို အဆင်ပြေနိုင်သည်ဟု သူက ပြောသည်။

“နေရာတစ်ခုတည်းမှာ လနဲ့ချီ လုံခြုံရေးယူကြတော့ ရေချိုးတာ၊ ထမင်းစားတာ၊ အနားယူတာတို့က နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ နေကြတဲ့သဘောပါ၊ လိုအပ်တဲ့ ပစ္စည်းတို့၊ ကားတို့လည်း ဘုန်းကြီးကျောင်းထဲမှာ ထားရတာပေါ့” ဟု ရဲတပ်ဖွဲ့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ဖူးသည့် အရာရှိတစ်ဦးက ပြောသည်။

နေပြည်တော်၏ အထင်ကရ ဥပ္ပါတသန္တိစေတီအနီးရှိ ငွေလျှံကုန်း ဘုန်းကြီးကျောင်း၊ စစ်ဗိုလ်ချုပ်များ သွားရောက်တတ်သည့် လက်လုပ်တောင် စေတီတို့တွင်လည်း စခန်းချထားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီအနီး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ – EPA)

ပုဗ္ဗသီရိနှင့် လယ်ဝေးမြို့နယ်များမှ ဘုန်းကြီးကျောင်းများတွင်လည်း အလားတူ ရောက်နေကြသည်ဟု ဒေသခံတို့က ဆိုသည်။

“ကျွန်တော်တို့နားက ဘုန်းကြီးကျောင်းမှာ အင်အား ၄၀ ရှိတယ်၊ ခုလထဲမှာ စရောက်လာတာ၊ ကားတွေနဲ့ ပတ်ပြီး လုံခြုံရေးယူလိုက်၊ ပြန်လာပြီး ရေမိုးချိုး နေလိုက်၊ ညနေ ၆ နာရီကျရင် ကိုယ့်ဂျူတီကျတဲ့ နေရာမှာ အဖွဲ့လိုက်သွားစောင့်လိုက်နဲ့” ဟု အေလာလေယာဉ်ကွင်းအနီးကျေးရွာမှ ဒေသခံတစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောသည်။

လယ်ဝေးမြို့နယ် အေလာမြို့ရှိ ပိတ်တောက်ချောင်း ကျေးရွာတွင်လည်း စစ်တပ်က ပုံမှန်တပ်စွဲထားပြီး ရေလယ်ကွေ့ ဘုန်းကြီးကျောင်း၊ ဂိုဏ်းထောက်ဘုန်းကြီးကျောင်းတို့တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် သုံးပတ်တစ်ကြိမ် လာရောက်တပ်စွဲ၍ နေလေ့ရှိကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

နေပြည်တော်သို့ နီးကပ်လာသည့် တိုက်ပွဲများကြောင့် ခံစစ်ပြင်ဆင်ရာတွင် ဘာသာရေးအဆောက်အအုံများကို အသုံးချလာခြင်း ဖြစ်ကြောင်း နေပြည်တော်ဒေသခံ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့အတွက် ပိုလုံခြုံတယ်လေ။ ဘုန်းကြီးကျောင်း အဆောက်အအုံတွေက ဘန်ကာတွေထက် ပိုခိုင်မာတယ်။ အဲဒီအတွက် ဘုန်းကြီးကျောင်းတွေကို အသုံးပြုလာတာများတယ်လို့တော့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးဌာနများနှင့် စစ်ကောင်စီအတွက် အရေးကြီးသည့် နေရာများရှိ စခန်းများကို ရုပ်သိမ်းခြင်း မပြုသေးပေ။

နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် စစ်ကားများ၊ သံချပ်ကာယာဉ်များပါ ချထားသည်ကို တွေ့ရကြောင်း ဝန်ထမ်းတစ်ဦးက ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီလက လူအင်အား ထောင်သောင်းချီ စုဝေးပြီး ဆန္ဒပြနေသည့် သပြေကုန်းအဝိုင်းတွင် အသက်၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်ကို စစ်ကောင်စီတပ်က ပစ်သတ်ပြီးနောက်ပိုင်း ထိုနေရာကို သံချပ်ကာယာဉ်များ၊ စစ်ကားများဖြင့် ၂ နှစ်ကျော်  ပိတ်ဆို့ စခန်းချခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူထားသော၊ လမ်းမကြီး ၃ ခု ဆုံတွေ့ရာဖြစ်သော ထိုအဝိုင်းပတ်လမ်းကို နိုဝင်ဘာ ၁၂ရက်နေ့က ပြန်ဖွင့်ပေးပြီး အခိုင်အမာ စခန်းချထားခြင်းကို တဖြည်းဖြည်း လျှော့ချနေသော်လည်း လုံခြုံရေး အရံအတားတချို့နှင့် စစ်ကောင်စီလက်နက်ကိုင်တချို့ ရှိနေဆဲဖြစ်သည်။

နေပြည်တော်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ကရင်အမျိုးသားအစည်းအရုံးနှင့် PDF တော်လှန်ရေးအင်အားစုများ လှုပ်ရှားနေကြပြီး တိုက်ပွဲများလည်း ပြင်းထန်နေသည်။

နေပြည်တော်နှင့် ထိစပ်နေသည့် တောင်ပေါ်မြို့များတွင်လည်း လုံခြုံရေး ပိုမို တင်းကျပ်ထားသည်။

Related Articles

Back to top button