သတင်း

ကော့ကရိတ်မြို့တွင် တိုက်ပွဲဆက်ဖြစ်၊ နေအိမ်အချို့မီးလောင်ပျက်စီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်နေပြီး မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်အချို့ မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများဆက်ဖြစ်နေပြီး မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တချို့ မီးလောင်ပျက်စီးသွားသည်ဟု စုံစမ်းသိရှိရသည်။

ကော့ကရိတ်မြို့အတွင်းပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသည့် နေရာများကို KNLA ပူးပေါင်းတပ်ဖွဲ့များက ထိုးဖောက်တိုက်ခိုက်နေရာ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်နေဆဲဟု ကရင်အမျိုးသားအစည်းအရုံး KNU သတင်းရင်းမြစ်က ပြောသည်။

“မြို့တွင်းမှာတော့ တိုက်ပွဲကတော့ ပုံမှန်ဖြစ်နေတယ်၊ (KNU) စစ်ဘေးရှောင် ကူညီရေးအဖွဲ့ အဲ့ဒီဘက်ကို ဆင်းပြီး အကူအညီပေးနေတာတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးပူးပေါင်းအင်အားစုများသည် ကော့ကရိတ်မြို့တွင်းရှိ နေရာတချို့နှင့် မြို့ပတ်ပတ်လည်တွင် နေရာယူထားသလို စစ်ကောင်စီဘက်ကလည်း မြို့ပေါ်တွင် အမှတ် (၉၇) ခြေလျင်တပ်ရင်းဌာနချုပ်နှင့် ရေကူးကန်စစ်စခန်း စသည့်နေရာများတွင် ခြေကုပ်ယူထားပြီး ပြန်လည် ခုခံနေသည်။

စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်ရန် ရည်ရွယ်ပြီး အာရှလမ်းမကြီးဘေးရှိ စစ်တပ်အခြေစိုက်စခန်းများအပါအဝင် ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာမှ စပြီး ကော့ကရိတ်ဒေသ အနီးတစ်ဝိုက်၌ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။

မြို့တွင်း၌ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သလို မြို့နေပြည်သူ အများစုလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့တွင် အမှတ် (၅) လှိုင်ကွက်သစ်ရပ်ကွက်၊ ၂၆ ရက်နေ့တွင် အမှတ်(၇) တံတားဦးရပ်ကွက်ရှိ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ကော့ကရိတ်မြို့ အမှတ်(၁) ရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“အခုလောင်တဲ့နေရာတွေက နှစ်ဖက်စလုံးက လူတွေ ရှိနေတဲ့ နေရာတွေဆိုတော့လေ ရှို့မီးလို့ပဲ ပြောရမလား၊ လက်နက်ကြီးတွေ ကျလို့ပဲလား ပြောရခက်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံများ၏ နေအိမ်တချို့ မီးလောင်ပျက်စီးရသည့် အခြေအနေအသေးစိတ်ကိုမူ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိအနေအထားအရ တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့တွင်း၌ နေထိုင်သူမရှိသလောက် ဖြစ်နေပြီး နေအိမ်သို့ ပစ္စည်းပြန်ယူသည့် လူတချို့သာ အဝင်အထွက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။

“မြို့ထဲမှာ လူတော်တော်များများတော့ မရှိတော့ဘူး။ ကုန်သလောက်ဖြစ်နေပြီ၊ ပစ္စည်းပြန်ဝင်ပြီးယူတဲ့သူ အချို့လောက်ပဲရှိတယ်။ တိုက်ပွဲကတော့ ပုံမှန်ဖြစ်တယ်”

စစ်ဘေးရှောင်အများစုသည် ဘားအံမြို့နယ် သာမည၊ နဘူးနှင့် ကျောက်ကလပ်စေတီ တို့ဘက်တွင် အများဆုံး တိမ်းရှောင် နေရပြီး စစ်ရှောင်ကာလ တစ်လနီးပါးခန့် ကြာမြင့်လာချိန်၌ စားနပ်ရိက္ခာအခက်အခဲကို အများဆုံးကြုံနေရသည်။

ကော့ကရိတ်မြို့နယ်အတွင်း၌ စစ်ဘေးရှောင် ပြည်သူပေါင်း ၃၀,၀၀၀ ဝန်းကျင်ခန့် ရှိပြီး လိုအပ်သည့် အခြေခံစားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၂၇ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

သို့သော်လည်း တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရခြင်းကြောင့် လှူဒါန်းမှုများရှိနေသော်လည်း အခက်အခဲများ ရှိနေဆဲဖြစ်သည်ဟု ကော့ကရိတ်မြို့ စစ်ဘေးရှောင်ဒေသခံက ဆိုသည်။

“တခြားမြို့ကို ပြောင်းဖို့ ပြုဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူးလေ။ တအား ဒုက္ခရောက်ပါတယ်။ စစ်ရှောင်တွေက တစ်မြို့လုံး ထွက်လာရတော့ လှူတဲ့သူက ဘယ်လောက်ပဲ လှူလှူ ဆင့်ပါးစပ် နှမ်းကြဲသလို ဖြစ်နေမှာပဲ”

​​လူဦးရေ ၆၆၀,၀၀၀ မှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူဦးရေ စုစုပေါင်း ၂ ဒသမ ၆ သန်းမှာ စစ်ရှောင်ဒုက္ခသည်များ ဖြစ်နေသည်ဟု ဖော်ပြသည်။

သန်းနှင့်ချီသော ဒုက္ခသည်များကို အကူအညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေသည်ဟုလည်း UNOCHA က ထုတ်ပြန်ထားသည်။ တိုက်ပွဲများဖြစ်နေခြင်း၊ စစ်ကောင်စီထံမှ ခရီးသွားခွင့်ပြုမိန့်ရရန် စောင့်ဆိုင်းရခြင်း စသည်တို့ကြောင့်လည်း ဒုက္ခသည်များကို ကူညီရန် နှောင့်နှေးနေသည်ဟု ဆိုသည်။

ထိုအချက်များသည် ဘေးဒဏ်သင့်ခံရသူများ၏ ဒုက္ခကို ပိုမိုဆိုးရွားလာစေလိမ့်မည်ဟုလည်း UNOCHA က သတိပေးထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် စစ်တပ် အာဏာသိမ်းယူမှုကို လက်မခံခြင်း မရှိကြောင်း အတိအလင်းပြောဆိုထားပြီးနောက် ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း စစ်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။

စောနယ်ဒါးဘိုမြ ထူထောင်သည့် ကော်သူးလေအာမီ (KTLA) မှ လက်အောက်ခံ စစ်ကြောင်းတစ်ခုဖြစ်သော Lion Battalion Commando စစ်ကြောင်းသည်လည်း နိုဝင်ဘာ ၆ ရက်နေ့က စပြီး KNLA တပ်မဟာ (၆) နှင့် ပူးပေါင်း တိုက်ပွဲဝင်နေကြောင်း ထုတ်ပြန်ထားသည်။

တပ်မဟာ ၆ နယ်မြေအတွင်းရှိ တိုက်ပွဲများတွင် နာမည်ရသည့် ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်းသည် KNLA နှင့် လက်တွဲလာခြင်းကို ကြိုဆိုကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက KIC သတင်းဌာနကို ပြောဆိုထားသည်။

KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးမြ၏ သားဖြစ်သူ စောနယ်ဒါးဘိုမြသည် ဝေါလေဒေသရှိ လမ်းလုပ်သားများကို သတ်ဖြတ်မှုကြောင့် ကရင်အမျိုးသားကွယ်ရေးတပ်မတော်-KNDO စစ်ဦးစီးချုပ် ရာထူးတာဝန်မှ ရပ်စဲခံပြီးနောက် KNU မှ ခွဲထွက်ကာ KTLA ကို ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း၌ ထူထောင်ခဲ့သည်။

Show More

Related Articles

Back to top button