သတင်း

ရွှေဘို ပျူစောထီးရွာကို PDF ဝင်သိမ်း၊ သုံ့ပန်းများ ရရှိ

ရွှေဘိုမြို့ ၂မိုင်အကွာရှိ ပျူစောထီးစခန်းမှ ဖမ်းဆီးရမိသူများထဲမှ အရပ်သားများကို ပြန်လွှတ်ပေးမည်ဟု PDF က ပြောသည်။ တိုက်ပွဲကြောင့် ထိုရွာမှ အိမ် ၁၈၀ ခန့် ပြာကျသွားသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး ပျူစောထီး အထိုင်စခန်းရှိရာကျေးရွာကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက စီးနင်း တိုက်ခိုက်ရာ ပျူစောထီးနှင့် မိသားစုဝင် ၆၀ ကို ဖမ်းဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်း မူဝါဒများနှင့် အညီ စစ်ဆေးနေကြောင်း PDF ဘက်က ပြောသည်။

မြို့အနောက်ဘက်  ၂မိုင်အကွာရှိ   မြင်ချင်းရွာမှ  ဖမ်းဆီးလာခဲ့သူများကို စစ်ဆေးပြီးနောက် စစ်တပ်၊ ပျူစောထီးတပ် (ပြည်သူ့စစ်အဖွဲ့) တို့နှင့်မပတ်သက်သည့် အရပ်သားများကို ပြန်လွှတ် ပေးသွားမည်ဟု ရွှေဘိုခရိုင်တပ်ရင်း၂၄(MDF-Shwe Bo)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 

“ပျူမိသားစုဝင်ကိုတော့ အရပ်သားလို့ သတ်မှတ်တယ်။ (ပျူစောထီးအဖွဲ့ထဲ ဝင်ဖို့) သိမ်းသွင်းခံရတဲ့လူတွေလည်းပါတယ်၊ ခြိမ်းခြောက်ခံထားရတဲ့ သူတွေလည်း ပါတယ်၊ အရပ်သားနဲ့ ပျူ၊ ဒလန်ခွဲ ခြားနေတုံးပဲ” ဟု သူက ဆိုသည်။

ဒလန် ဆိုသည်မှာ စစ်ကောင်စီတပ်ကို သတင်းပေးနေသူ၊ ပူးပေါင်းဆောင်ရွက်နေသူကို ခေါ်ဆိုခြင်း ဖြစ်သည်။

အိမ်ခြေ ၁၀၀၀ နီးပါးရှိသည့် အဆိုပါရွာရှိ စာသင်ကျောင်းတွင် ရဲနှင့်ပျူစောထီး ၅၀ ခန့်က ဘန်ကာများ အခိုင်အမာပြုလုပ်ကာ တပ်စွဲထားခြင်းဖြစ်သည်။ 

ပူးပေါင်းတပ်က နံနက် ၃ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်နာရီအကြာတွင် ရွာပတ်ပတ်လည်ရှိ ကာကင်းစခန်း သုံးခုကို သိမ်းယူနိုင်ခဲ့ကြောင်း၊ နံနက် ၅ နာရီခန့်တွင် ပျူစောထီး အထိုင်ချရာ စာသင်ကျောင်းကို စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။

စာသင်ကျောင်းအတွင်းရှိဘန်ကာထဲတွင် ရဲအလောင်းတစ်လောင်းနှင့် ပျူစောထီးအလောင်း နှစ်လောင်း တွေ့မြင်ရပြီး ပျုစောထီးအဖွဲ့ကိုင်ဆောင်သည့် သေနတ်ခြောက် လက်ရ ရှိခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင်နောက်တစ်ဦးက ဆိုသည်။

“စာသင်ကျောင်းနဲ့ ဘန်ကာတွေဝင်သိမ်းနဲ့အချိန် (အခြားပျူတွေက) လက်နက်တွေစွန့် ပြေးတာ” ဟု သူက ပြောသည်။

ကျေးရွာကိုစီးနင်းစဉ် ကာကွယ်ရေးတပ်များဘက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သလို

ထိုရွာနှင့် သုံမိုင်းအကွာရှိ ပန်းရံ ပျူစောထီးရွာတွင်  တပ်စွဲထားသော စစ်ကောင်စီတပ်ကလည်း  ထိုရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ထိုရွာ တိုက်ခိုက်ခံရမှုသတင်း ဖော်ပြထားသည်။

ဝင်တိုက်သည့် PDF က မီးရှို့သဖြင့် နေအိမ် ၁၈၀ ခန့် ပြာကျသွားကြောင်း၊ ပြည်သူ့စစ်များနှင့် မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေးသားဖော်ပြကြသည်။ 

PDF ကမူ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ မီးလောင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ 

“လက်နက်ကြီးကျပြီးတော့ မီးစွဲတယ်၊ အိမ်ခြေစိတ်တော့ မီးကူးမြန်တယ်၊ (သူတို့တပ်စွဲထားတဲ့) စာသင်ကျောင်းတောင် ကျွန်တော်တို့ဘာမှမလုပ်ဘူး၊ ပြည်သူပိုင်ပစ္စည်းတွေပဲကိုး။ အဓိကက လက်နက်ကြီးကြောင့် လောင်တာ” ဟု ရွှေဘို ခရိုင်တပ်ရင်း၂၄(MDF-Shwe Bo)အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။ 

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်နေရသည့်  စစ်ကောင်စီတပ်က ဒေသအများအပြားတွင် အရပ်သားတချို့ကို လက်နက်တပ်ဆင်ပေးပြီး ပြည်သူ့စစ်အဖွဲ့ ဖွဲ့ပေးထားသည်။

ရဲ၊ စစ်သားများနှင့် ပူးတွဲလှုပ်ရှားရသည့် အဆိုပါ ပြည်သူ့စစ်အဖွဲ့ကို ပျူစောထီးဟုလည်း အများက ခေါ်ဆိုကြသည်။

နိုင်ငံမြောက်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်များ၏ထိုးစစ်ကြောင့် အာဏာသိမ်းစစ်တပ် အထိနာနေချိန်တွင် မြေပြန့်ဒေသမှတော်လှန်ရေးအဖွဲ့များလည်း အရှိန်မြှင့်တိုက်ခိုက်ကာ စစ်ကိုင်းတိုင်းအတွင်း မြို့ ၄ မြို့ကို သိမ်းထားသည်။

Show More

Related Articles

Back to top button