
စစ်ဗိုလ်ချုပ်များရုံးစိုက်ရာ နေပြည်တော်မှ ၁ နာရီသာ ဝေးသည့် ပဲခူးတိုင်း သာဂရမြို့နှင့် မကွေးတိုင်း ကိုးပင်ရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင် တော်လှန်ရေးသမားများက ဒီဇင်ဘာ ၁၆၊ ၁၇ နှစ်ရက်ဆက်တိုက် လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့သည်။
စစ်တပ်ထုတ်ကုန်များ သယ်ဆောင်ခြင်း၊ စစ်တပ်သတင်းပေးများ ဖြတ်သန်းခြင်းရှိမရှိ စစ်ဆေးရန်၊ အစစ်အဆေးကြမ်းသည့် နေပြည်တော်အနီးတွင်ပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရှိနေပြီဆိုသော သတင်းစကား ပြည်သူ့ထံ ပါးရန် ရည်ရွယ်ကြောင်း ထိုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည့် အဖွဲ့မှ တော်လှန်ရေးသမားတစ်ဦးက ပြောသည်။
ထိုလှုပ်ရှားမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တောင်ငူခရိုင် တပ်ရင်းအမှတ် ၃၅၀၁၊ တပ်ခွဲ ၆ က လုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့က ပေးပို့သည့် ရုပ်သံဖိုင်တွင် အရပ်ဝတ်၊ စစ်ဝတ်စုံ ဝတ်ဆင်ထားသူ အမျိုးသားအချို့က မောင်းပြန်သေနတ်ကိုင်ဆောင်ကာ ဆိုင်ကယ်ဖြင့် သွားလာနေသူများကို စစ်ဆေးနေသည်။
PDF တစ်ဦးက ခရီးစဉ်ကို မေးမြန်းရာတွင် ခရီးသွားအမျိုးသမီးတစ်ဦးက “သာဂရဘက်ထဲက အမေတို့ဆီ လာတာ” ဟု ပြန်လည်ဖြေဆိုသည်ကို ထိုရုပ်သံတွင် ကြားရသည်။ မိုင် ၈၀ ကျော်ခရီးရှိသည့် သာဂရ၊ ကိုးပင်လမ်းပိုင်းအတွင်း မည်သည့်နေရာ၌ တော်လှန်ရေးသမားများ လှုပ်ရှားခဲ့သည်ကိုမူ ရှင်းလင်းစွာ မသိရပေ။

လုံခြုံရေးအရ အမည်မဖော်လိုသည့် သာဂရမြို့ခံ အမျိုးသားတစ်ဦးက “အဲဒီလမ်းပိုင်းက သာဂရမြို့ကနေ ဈေးဝယ်ပြီး ပြန်လာတဲ့သူတွေ၊ ကုန်ကားအသေးလေးတွေ သစ်ခုတ်ကားတွေ အဓိက သွားလာကြတယ်။ စစ်တပ်ဂိတ်တွေလည်း ရှိတယ်” ဟု ပြောသည်။ ထိုလမ်းပိုင်းတွင် PDF အဖွဲ့လှုပ်ရှားခဲ့သည့် အကြောင်းကိုမူ ထိုဒေသခံက အတည်ပြုပေးနိုင်ခြင်းမရှိပေ။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာအချို့တွင် သာဂရ-ကိုးပင်လမ်းခွဲ၌ PDF အဖွဲ့လှုပ်ရှားခဲ့၍ ကြိုတင်တားဆီးရန်လိုကြောင်း ယမန်နေ့က ရေးသားကြသည်ကို တွေ့ရသည်။
သာဂရ၊ ကိုးပင်လမ်းပိုင်းသည် နေပြည်တော်၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့ နယ်နိမိတ် ထိစပ်နေသည့် ဒေသတွင် ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်ကို လုံခြုံရေးအထူးတင်းကျပ်ထားသည်။ နေပြည်တော်တွင် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ ရံဖန်ရံခါမှသာဖြစ်လေ့ရှိသည်။
သို့သော် နေပြည်တော်အရှေ့ဘက် ၅ နာရီသာ ခရီးရှိသည့် ကရင်နီဒေသ (ကယားပြည်)၊ တောင်ဘက် နယ်နိမိတ်စပ်လျက် ပဲခူးတိုင်း၊ ကရင်ပြည်နယ်တို့အပြင်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတို့၌ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ အခြေစိုက်စခန်းများ၊ ရုံးဌာနများ၊ မြို့များကို သိမ်းယူထားနိုင်ကြသည်။