သတင်း

မြစ်ကြီးနားအနီးမှ အရေးပါသည့်စစ်စခန်း ၂ ခုကို KIA ဝင်သိမ်း

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားအနီးမှ စစ်ကောင်စီအခြေစိုက်တပ်စခန်းနှစ်ခုကို ယနေ့ (ဒီဇင်ဘာ ၁၅) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တာလောကြီးရွာရှိ တပ်စခန်းနှင့် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာရှိ ဘော်ဆာဒီးတပ်စခန်းများကို KIA သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းနှစ်ခုသည် ဒေသတွင်းတွင် အရေးပါပြီး တာလောကြီးသည် စစ်ကောင်စီ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် မြစ်ကြီးနားနှင့် ၂၂ မိုင် ( ၃၆ ကီလိုမီတာ) ခန့်နှင့် ရွှေညောင်ပင်သည် ၁၅ မိုင် (၂၄ ကီလိုမီတာ) ခန့် ကွာဝေးသည်။

မြစ်ကြီးနားတွင် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်လည်း ရုံးထိုင်နေသည်။

တာလောကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ တပ်စွဲထားပြီး၊ ရွှေညောင်ပင်ရွာရှိ ဘော်ဆာဒီးတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် လီဆူပြည်သူ့စစ်တို့ တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

SNA နှင့် လီဆူပြည်သူ့စစ်တို့သည် စစ်ကောင်စီကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်တပ်များဖြစ်ပြီး KIA နှင့်မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည်။

စခန်းသိမ်းတိုက်ပွဲများသည် ယနေ့နံနက် အရုဏ်တက်ချိန် ၃နာရီခန့်တွင် စတင်သည်၊ စခန်းတိုက်ခိုက်ခံရပြီးနောက် နေ့ဘက် အလင်းရောင်ရလာချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စုံစမ်းနေသည်ဟုလည်း ၎င်းက ဆိုသည်။

တိုင်းစစ်ဌာနချုပ်အနီးရှိ တပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက KIA ဗဟိုဋ္ဌာနချုပ်ရှိရာ မြန်မာ-တရုတ် နယ်စပ် လိုင်ဇာမြို့အနီးတစ်ဝိုက်နှင့် မိုင်ဂျာယန်မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တုံ့ပြန်တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုင်ဂျာယန်မြို့အထက်ဘက် ယော်ယုံတောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် မိုင်ဂျာယန်မြို့အတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသအခြေစိုက် KachinNews Groupသတင်းဌာနက ဖော်ပြထားသည်။

Show More

Related Articles

Back to top button