အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတ္တရာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းထိုး၊ နေအိမ်များမီးရှို့ခံရ

မန္တလေးမြို့အနီးရှိ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ်အရှေ့မြောက်ပိုင်းရှိ မှော်နီကုန်းကျေးရွာတွင် ယမန်နေ့ (ဒီဇင်ဘာ ၄) ညနေပိုင်းက ရောက်လာသည့် စစ်တပ်က အိမ် ၇ လုံး၊ ဘုန်းကြီးကျောင်းရှိ လူမှုရေးအသင်း ကားဂိုဒေါင်နှင့် ကားတစ်စီးကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ် ၅ စီး ယူသွားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တော်လှန်ရေးအဖွဲ့တွေ ရှိနိုင်မယ် ယူဆပြီး ဝင်လာပုံရတယ်။ အားလုံးက ကြောက်လန့် ထွက်ပြေးကြတယ်။ ကျန်ခဲ့တဲ့အိမ်တွေထဲက တချို့ကို အကြောင်းမဲ့ မီးရှို့သွားတယ်။ ရွာလူမှုရေးအသင်းကားနဲ့ ဂိုဒေါင်ကို‌ရော ရှို့သွားကြတယ်” ဟု အသက် ၄၀ အရွယ် ထိုအမျိုးသားက ပြောသည်။

မှော်နီကုန်းရွာအနီးရှိ ညောင်ပင်ကြီးတောနှင့် ကျောက်သလိပ်ကုန်းရွာတို့ကိုလည်း စစ်တပ်က ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ အခြေအနေအသေးစိတ် မသိရသေးကြောင်းလည်း ယင်းဒေသခံက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းကလည်း မတ္တရာမြို့နယ် ဆိတ်သာရွာနှင့် ရှားစေးချက်ရွာတို့ကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယမန်နေ့ ညနေပိုင်း၌ပင် ဆိတ်သာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ မူလတန်းကျောင်းကို ထိမှန်သော်လည်း ဒဏ်ရာရသူမရှိကြောင်း သိရသည်။

ထို့ပြင် မတ္တရာမြို့နယ်အတွင်း မန္တလေး-မိုးကုတ်လမ်းလမ်းမ အနောက်ဘက်ရှိ ရွာသစ်ကျေးရွာကို ယမန်နေ့ နံနက်ပိုင်းတွင် ဇီးဖြူကုန်းရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးကာ အသက် ၄၀ ကျော်အရွယ် ဦးကျော်ယံဖြိုးနှင့် ဒေါ်သိမ့်နန္ဒာလွင်တို့ နီးမောင်နှံနှစ်ဦး ဒဏ်ရာရရှိသည်ဟု မတ္တရာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်တိမ်းနေရသူများအတွက် အခက်အခဲများစွာရှိနေသည်ဟု စစ်ရှောင်များကို ကူညီနေသည့် အထက်ပါ ဒေသခံ အမျိုးသမီးက ဆိုသည်။

“မှော်နီကုန်းကျေးရွာ စစ်ရှောင်တွေကတော့ အချို့နေအိမ် မီးရှို့ခံရတော့ ပြန်လို့မရကြတော့ဘူး။ သူတို့အတွက် ကူညီမှုတွေလည်း လိုအပ်နေတယ်။ ကျန်တာက အစ်မတို့ ဒေသခံတွေ၊ အဖွဲ့တွေ ဝိုင်းဝန်း ကူညီကြပါတယ်။ စစ်ရှောင်ရသူတွေလည်း များလာတော့ အခက်အခဲတွေလည်း ရှိနေတယ်”

နိုဝင်ဘာလဆန်းပိုင်းမှစ၍ မတ္တရာအရှေ့ခြမ်းရှိ ကင်းရွာအနီးတွင် MDY-PDF အပါအဝင် တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး မတ္တရာမြို့အနောက်ခြမ်းရှိ သုံးဆယ်ပေးရွာနှင့် အနီးတစ်ဝိုက်ကို စစ်တပ်က စစ်ကြောင်းထိုးနေသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ဘေးတွင် ရှိသော မန္တလေးနှင့် ၅ မိုင်အကွာ သုံးဆယ်ပေးရွာရှိ စစ်ကောင်စီစခန်း၊ နိုဝင်ဘာ ၂၇ တွင် အဆိုပါ သုံးဆယ်ပေးရွာနှင့် ကပ်လျက်တည်ရှိသော ကျွဲခြံကုန်းကျေးရွာတပ်စခန်းတို့ကို မတ္တရာမြို့နယ်ပကဖ၊ ပုသိမ်ကြီးမြို့နယ်ပကဖ၊ Generation Z Power (GZP) အစရှိသည့် တော်လှန်ရေးအဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့သေးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles