သတင်း

မန္တလေးတွင် စစ်ကောင်စီက အဖမ်းအဆီးများ ဆက်လုပ်နေ

ပြီးခဲ့သည့်လအတွင်း မန္တလေးမြို့မှ ဓမ္မစကူးလ် လုပ်အားပေးဆရာမ၊ ဖုန်းဆိုင်ပိုင်ရှင်၊ ကွမ်းယာသည်၊ အကြော်သည်မှအစ လူငယ်များ ဆယ်နှင့်ချီအဖမ်းခံခဲ့ရပြီး အများစုမှာ သတင်းအစအန ပျောက်နေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာ(၃၀)နေ့က မန္တလေးတိုင်း အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာနေ ဓမ္မစကူး ခေါ် ဘာသာရေးကျောင်း လုပ်အားပေး ဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။

ဖမ်းဆီးခံရသူမှာ အသက် ၃၀ အရွယ် မသဲနုလှိုင်ဆိုသူဖြစ်ပြီး ၎င်းသည် စစ်ခေါင်းဆောင်အားကိုးသော သီတဂူဘုန်းကြီးကို ဝေဖန်သည့်စာ အွန်လိုင်းလူမှုကွန်ရက်တွင် ဖြန့်ဝေသည်ဟု စွပ်စွဲခံထားရကြောင်း ထိုမြို့နယ်နေ ဒေသခံအမျိုးသမီးက ပြောသည်။

“ပူဆွေးနေတာမဟုတ်ဘူး၊ ဂူငေးနေတာဆိုပြီး ဘုန်းကြီးက ထိုင်ငေးနေတဲ့ပုံကို သူက ဖေ့ဘုတ်မှာ မျှဝေထားတာ။ အဲဒါကြောင့်ဖမ်းခံရတာလို့ သိထားတယ်။ သူက အမရပူရမြို့နယ် ရေငုံဓမ္မစကူးကျောင်းမှာ စာသင်နေတဲ့ဆရာမပါ။ မိဘကိုလုပ်ကျွေးနေတဲ့သူ။ စက်လည်းချုပ်ပါတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။

မသဲနုလှိုင်ကို စစ်ကောင်စီကမဖမ်းမီ နာရီပိုင်းအလိုတွင် စစ်တပ်ဝါဒဖြန့်သူတို့က သူ့ကို ဖမ်းရန် လှုံ့ဆော်ခဲ့ကြသည်။ မသဲနုလှိုင်ကို ဖမ်းဆီးပြီး ရိုက်ကူးထားသည့်ပုံကို နောက်တနေ့တွင် ၎င်းတို့က ဖြန့်ဝေကြပြန်သည်။

နိုဝင်ဘာ ၈နေ့တွင် မဟာအောင်မြေမြို့နယ် ၃၆လမ်းနှင့် ၇၆လမ်း တောင်ဘက်ရှိ ဖုန်းရောင်းဝယ်ရေးဆိုင်မှ အသက်၃၅နှစ်အရွယ် အမျိုးသား၊  ၂၂လမ်း(၈၁လမ်းနှင့်၈၂လမ်း)ကြား တည်းခိုခန်းတစ်ခုမှ အသက်၂၀အရွယ် လူငယ်အမျိုးသားတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာ ၉ ရက်နေ့တွင်လည်း မန္တလေးမြို့ခံများဖြစ်ကြသော အသက်၂၅အရွယ် ကိုငြိမ်းဝေလု၊ အသက်၃၀အရွယ်ကိုအောင်ဆန်းမော်နှင့် ၂၅နှစ်အရွယ် ကွမ်းယာရောင်းသည့် အမျိုးသမီးတို့ကို   ဖမ်းဆီးသွားသည်။

နိုဝင်ဘာ ၁၅ ရက်တွင်မူ မြို့ခံကျောင်းဆရာတစ်ဦးဖြစ်သည့် ကိုအောင်ဇော်ဦးကိုလည်း PDF ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးသည်။

နိုဝင်ဘာ၁၆တွင် ချမ်းအေးသာစံမြို့နယ်မှ အသက်၅၀ကျော်အရွယ်   ဒေါ်သန်းစိုး၊ ၂၅နှစ်အရွယ်သားဖြစ်သူနှင့် ဧည့်သည်အဖြစ်ရောက်နေသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်။

၂၀၁၂ခုနှစ်ကတည်းက NLDပါတီဝင်ဖြစ်လာသူ ဒေါ်သန်းစိုးသည်  ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုများတွင် အားတက်သရောလုပ်ဆောင်ခဲ့သည်၊ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်ဟု သိရသည်။

နိုင်ငံအနှံံ့ အချုပ်ခန်းများ၊ အကျဉ်းစခန်းများ၊ ထောင်များ၏ အခြေအနေကို စစ်ကောင်စီက သတင်းအမှောင်ချထားပြီး အဖမ်းခံရသူများကိုလည်း ပြင်ပနှင့် အဆက်အသွယ် ဖြတ်ထားသည်။

နိုဝင်ဘာ၂၃ရက်တွင်လည်း မန္တလေး လမ်း၈၀နှင့်၁၀လမ်းထောင့်ရှိ “မန်းဖော်မွန်”ခေါက်ဆွဲဆိုင်မှ အကြော်ဆရာ တစ်ဦးကိုလည်း အရပ်ဘက်သုံး မော်တော်ကား(၃)စီးဖြင့် ရောက်သွားသော စစ်ကောင်စီလက်အောက်ခံတို့က ဖမ်းဆီးခဲ့သေးသည်။ 

မန္တလေးမြို့တွင် ဆန္ဒပြသူများ၊ အာဏာသိမ်းမှု ဆန့်ကျင်သူများကို ဖမ်းဆီးမှု ဆက်တိုက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

နေအိမ်သို့ဝင်ဖမ်းခြင်း၊ လမ်းပေါ်တွင် သွားလာနေသူများကို စောင့်ဆိုင်းဖမ်းဆီးခြင်းမှ ကားဖြင့်တိုက်၍ ဖမ်းဆီးခြင်းအထိ ပါဝင်သည်။ 

နိုဝင်ဘာ(၃၀)နေ့ နေ့လယ်ပိုင်းတွင်လည်း ၆၂လမ်း မနော်ဟရီလမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို ပစ်ခတ်ခဲ့သဖြင့် မသူဇာဝင်း အမည်ရှိအမျိုးသမီးသည် ဝဲလက်ပြင်ကျည်ဖောက်ဝင်ကာ မန္တလေးဆေးရုံကြီး အရေးပေါ်ကုသဌာနတွင် ဆေးကုသမှုခံယူနေရသည်။

တစ်ဦးချင်းအလိုက် မည်သူမည်ဝါဟု အတည်မပြုနိုင်သော်လည်း ယခုလအတွင်း မန္တလေးတွင် ဖမ်းဆီးခံရသူ ဒေသခံ၃၀ထက်မနည်း ရှိနေပြီဖြစ်ကြောင်း မြို့ခံတို့ကဆိုကြသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဆက်လက် ဖမ်းဆီးခံထားရသူ အရေအတွက် ၁၉၇၀၇ ဦး ရှိသည်ဟု  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏  ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အရေအတွက်မှန်မှာ ထိုထက် များပြားမည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုကို မှတ်တမ်းတင်နေသည့် ထိုအသင်းက ဆိုသည်။

Show More

Related Articles

Back to top button