သတင်း

ရွှေကူမြို့ စခန်းတစ်ခုကို KIA နှင့် KPDF သိမ်းပိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ တပ်စခန်းတစ်ခုကို ဒီဇင်ဘာ ၁ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးတပ်များက ပူးပေါင်းကာ သိမ်းပိုက်ခဲ့ကြောင်း ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ မြို့လှ-KPDF ထံမှ သိရသည်။

ရွှေကူမြို့၏ မြောက်ဘက် မိုင်အနည်းငယ်အကွာတွင် ရှိသည့် ရွှေငြိမ်းချမ်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်၊ ထိုရွာနှင့် တစ်မိုင်ခန့်အကွာတွင် ရှိသည့် တပ်စခန်းကုန်းတို့ကို ထိုနေ့နံနက် ၇ နာရီခန့်တွင် KIA၊ ဟိုပင်KPDF တို့နှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြို့လှ-KPDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စခန်းကုန်းတွင် တပ်မ (၈၈) လက်အောက်ခံ အမှတ် ၁၀ ခြေလျင်တပ်ရင်း တပ်စွဲထားသည်၊ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စခန်းကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု သိရသည်။

“သူတို့ (စစ်ကောင်စီ) အတွက်ကတော့ ရှေ့တန်းပွိုင့်တစ်ခုလောက်ပဲ ဖြစ်မှာပါ၊ ကျွန်တော်တို့အတွက်ကတော့ ကျွန်တော်တို့မြေပြန့်ဆင်းတဲ့အခါမှာ KIA တပ်မဟာ (၈) နဲ့ ချိတ်ဆက်သွားလာတဲ့အခါမှာ သူတို့ရဲ့စခန်းက ကျွန်တော်တို့ သွားလာတဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်” ဟု မြို့လှ-KPDF အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုမီးငှက်က ပြောသည်။

ထိုစခန်းတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကိုကိုနိုင်အပါအဝင် အင်အား ၃၀ ခန့် ရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

တိုက်ပွဲတွင်း မျက်မြင်တွေ့ရှိမှုအရ စစ်ကောင်စီတပ်မှ ၄ ဦးထက်မနည်း သေဆုံးပြီး KIA, KPDF ပူးပေါင်းတပ်မှ ရဲဘော် ၃ ဦး အသေးစားဒဏ်ရာများ ရရှိခဲ့သည်ဟု ကိုမီးငှက်က ပြောသည်။

“သူတို့အလောင်းတွေကို အကုန်ဆွဲယူသွားကြတာ၊ တကယ်ဆို သေတာက အဲဒီထက်မက ဖြစ်နိုင်သေးတယ်၊ သူတို့ ဆွဲသွားတာကို လိုက်ပစ်တာကိုပဲ တော်တော်ထိသွားကြတာ” ဟု ၎င်းက ပြောသည်။

စခန်းအတွင်းမှ MA1 ရိုင်ဖယ်တစ်လက်၊ RPG 7 လောင်ချာတစ်လက်၊ ၆၀ မမ မော်တာတစ်လက်နှင့် ခဲယမ်းများ ကားတစ်စီးတိုက်စာ သိမ်းပိုက်နိုင်သည့်အပြင် ရိက္ခာအဖြစ် သိုလှောင်ထားသည့် ဆန်အိတ် ၂၀၀ ကျော်ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု မြို့လှ-KPDF အဖွဲ့က ထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ စစ်ကောင်စီစခန်းကို သိမ်းပိုက်ခဲ့သည့် KIA နှင့် PDF များ (ဓာတ်ပုံ – မြို့လှ-KPDF)

တိုက်ပွဲပြီးသည့်နောက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၄ စင်းဖြင့် တပ်စခန်းကုန်းနှင့် ရွှေငြိမ်းချမ်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲမဖြစ်ခင် ရွေငြိမ်းချမ်းရွာမှ ဒေသခံများကို ကြိုတင်ရှောင်တိမ်းခိုင်းထားသော်လည်း ရွာတွင်းဒေသခံတချို့ မပြေးဘဲ ကျန်နေသည့်အတွက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဉ် ဒေသခံတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု သိရကြောင်း မြို့လှ-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ် မြို့လှရှိ စစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူ အနည်းငယ်ပေးခဲ့သော်လည်း မြို့လှနှင့် ရွှေကူမှ စစ်ကောင်စီတပ်များက စစ်ကူပေးနိုင်ခဲ့ခြင်းမရှိပေ။

ရွှေကူမြို့ပေါ်တွင် စစ်ကောင်စီတပ်အင်အား ၁၀၀ အောက်သာ ရှိနိုင်ပြီး မြို့ပေါ်နှင့် မြို့အနီးတစ်ဝိုက်တွင်သာ ကင်းလှည့်နိုင်တော့သည်ဟု ရွှေကူမြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အရင်က (စစ်ကြောင်းတွေ) အကုန်ပတ်ထိုးနေတာလေ၊ မြို့နားတင်မဟုတ်ဘူး၊ မြစ်ကြောင်းတစ်လျှောက် အရှေ့အနောက်အစုံပဲ။ အခုက လိုင်ဇာဘက် ပို့တာရောနဲ့ဆို သိပ်မှမကျန်တော့ဘဲ” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ စစ်ကောင်စီစခန်းကို သိမ်းပိုက်ခဲ့သည့် KIA နှင့် PDF များ (ဓာတ်ပုံ – မြို့လှ-KPDF)

စက်တင်ဘာ ၁ ရက်နေ့ကလည်း ရွှေကူမြို့အနောက်မြောက်ဘက် ဧရာဝတီမြစ်တစ်ဘက်ကမ်းတွင် ရှိသည့် ကျောက်ကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို မြို့လှ-KPDF နှင့် KIA ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သုံ့ပန်းတစ်ဦးရသည်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

ရွှေကူမြို့သည် စစ်ကိုင်းတိုင်းနယ်စပ်မျဉ်းအနီးတွင် ရှိပြီး ဧရာဝတီမြစ်ကမ်းနံဘေးတွင် ရှိသည့်အတွက် ဗျူဟာကျသည့်မြို့နယ်တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရွှေကူမြို့တောင်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ဒေသကကွယ်ရေးတပ်များ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အဆိုပါ ကျေးရွာများရှိ ထောင်နှင့်ချီသည့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

Show More

Related Articles

Back to top button