ရှမ်းတိုင်းရင်းသား အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်သည့် SSPP နှင့် RCSS တို့သည် ၎င်းတို့ကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုကို အဆုံးသတ်ကာ အပစ်အခတ်ရပ်စဲကြောင်း ယနေ့ (နိုဝင်ဘာ ၂၉) တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
ယခုသဘောတူညီချက်မှတစ်ဆင့် အနာဂတ်တွင် တပ်နှစ်တပ် ပေါင်းစည်းနိုင်သည်အထိ ဖြစ်လာရန် ရည်ရွယ်သည်ဟုလည်း SSPP ပြောခွင့်ရ ဗိုလ်မှုး စိုင်းဖုန်းဟန်က Myanmar Now ကို ပြောသည်။
“တစ်ချိန်ချိန်မှာ ပေါင်းစည်းနိုင်ဖို့အထိ ဆန္ဒရှိပါတယ်။ ခုလောလောဆယ်ကတော့ ယုံကြည်မှုကို တည်ဆောက်ဖို့ပေါ့။ ယုံကြည်မှု မထိခိုက်ဖို့က ကာလတစ်ခုအနေနဲ့ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ရည်ရွယ်ချက် ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် သျှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS) တို့သည် သုံ့ပန်းလဲလှယ်ရန်၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ နယ်မြေဖြတ်သန်းရာတွင် ကြိုတင်အကြောင်းကြားကြရန် အစရှိသည့် အချက်များကိုလည်း သဘောတူခဲ့ကြသည်ဟု ဗိုလ်မှုး စိုင်းဖုန်းဟန်က ပြောသည်။
ရှမ်းတပ်နှစ်တပ်အကြား စစ်ရေးတင်းမာမှုသည် ယခုနှစ် ဧပြီလအထိ ရှိခဲ့သည်။
နှစ်ဖက်တပ်များအကြား တပ်နေရာချထားရေး အပါအဝင် အခြားအချက်များကို ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ၂ လ ၁ ကြိမ် ပုံမှန်တွေ့ဆုံကြရန် သဘောတူညီမှုလည်း ရခဲ့သည်ဟု SSPP ပြောခွင့်ရ ဗိုလ်မှုးစိုင်းဖုန်းဟန်က ဆက်ပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို ၁၉၇၁ တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်တည်ရှိသည်။
ထိုတပ်ဖွဲ့သည် အင်အား ၁ သောင်းအထက်ရှိပြီး မိုင်းရှူး၊ ကျေးသီး၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးမောက်၊ ပင်လုံနှင့် ရပ်စောက်တို့တွင် အဓိက လှုပ်ရှားသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
SSPP သည် ညီနောင်သုံးဖွဲ့ဖြစ်သော ရခိုင်တပ် AA, တအာင်းတပ် TNLA, ကိုးကန့်တပ် MNDAA တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။
သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိကဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ခြင်း မရှိပေ။
သျှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS) ကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ် လွိုင်တိုင်းလျန်းဒေသတွင် ဌာနချုပ်အခြေစိုက်သည်၊ အင်အား ၈၀၀၀ အထက်ရှိသည်ဟု ISP-Myanmar က ဖော်ပြထားသည်။
စစ်ကောင်စီက ဆက်လက်စွဲကိုင်ထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို RCSS က လက်မှတ်ထိုးထားသော်လည်း SSPP က လက်မှတ်ထိုးရန် ငြင်းဆိုထားသည်။