
နိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့တွင် ယနေ့ (နိုဝင်ဘာ ၂၈) နံနက်ပိုင်းက စစ်ကောင်စီ အုပ်ချုပ်ရေးရုံးဌာနနှစ်ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားသည်။
အမရပူရမြို့နယ် အိုးတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးမီးပွိုင့်ရှိ စစ်ဆေးရေးဂိတ်တို့ နံနက် ၆ နာရီဝန်းကျင်၌ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“အသံကြီးကို ဟိန်းနေတာပဲ။ ကန်တော်ကြီးမီးပွိုင့် ပေါက်ကွဲတာလို့ ကြားရတယ်။ အဲဒီနေရာက လမ်းဆုံလမ်းခွ သူတို့မကြာခဏ လာစစ်ဆေးတဲ့နေရာ” ဟု ကန်တော်ကြီးမီးပွိုင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီးရှိ ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ဆေးရေးဂိတ်ပေါက်ကွဲမှုချိန်နှင့် မရှေးမနှောင်းတွင်ပင် အမရပူရမြို့နယ်အိုးတော် ရပ်ကွက်ရုံး၊ ပြည်ကြီးတံခွန်မြို့နယ်ထွေအုပ်ရုံးတို့တွင်လည်း ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း အသက် ၄၀ အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အချိန်လည်း တစ်ပြိုင်နက်တည်းဖြစ်တာ။ ကန်တော်ကြီးမီးပွိုင့်ကတော့ အထိအခိုက်မရှိဘူးလို့ သိရတယ်။ ကျန် ၂ နေရာက ရှိတယ်လို့ ကြားတယ်။ စုံစမ်းနေတုန်းပါပဲ”။
ဖောက်ခွဲမှုများကို AST-MDY မြို့ပြပြောက်ကျားတပ်ဖွဲ့က အောင်စည်တော်၏ ရွှေတောင်ပံစစ်ဆင်ရေးအမည်ဖြင့် လုပ်ဆောင်ခဲ့သည်ဟု ယနေ့ နံနက်ပိုင်းတွင် တယ်လီဂရမ်လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဝါဒဖြန့် VK ချန်နယ်များတွင်လည်း မန္တလေးမြို့ပေါ် ယနေ့နံနက် ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း ရေးသားထားပြီး လူထိခိုက်မှုမရှိဟု ဆိုထားသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်ကို မြို့လုံးကျွတ် ထက်ထက်သန်သန်ဆန့်ကျင်ခဲ့သည့် မန္တလေးတွင် လုံခြုံရေး အထူးတင်းကျပ်ထားသော်လည်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ရံဖန်ရံခါဖြစ်ပွားလေ့ရှိသည်။
အောက်တိုဘာ ၂ ရက်ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် ချမ်းအေးသာစံမြို့နယ်၊ မန္တလေးကျုံးမြို့ရိုးအနီး စိတ္တရမဟီရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့သည်။
စက်တင်ဘာလအတွင်းတွင်လည်း မန္တလေးမြို့ပေါ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံး၊ စစ်ကောင်စီပိုင် မြဝတီဘဏ်၊ ရပ်ကွက်ရုံးတချို့နှင့် မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးတို့ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသေးသည်။
မန္တလေးမြို့ အရှေ့မြောက်ဘက် ရှမ်းပြည်နယ်စပ် နောင်ချိုမြို့နယ်၊ မြောက်ဘက် မိုင် ၂၀ ကျော် သာဝေးသည့် မန္တလေးတိုင်း မတ္တရာမြို့နယ်တို့တွင် တောင်သမာန်စစ်ဆင်ရေး အမည်ဖြင့် တော်လှန်ရေးအင်အားစုများက စစ်ရေးလှုပ်ရှားနေရာ စစ်တပ်နှင့် တိုက်ပွဲများ မကြာခဏဖြစ်နေသည်။
နောင်ချိုမြို့နယ်အတွင်းရှိ စစ်တပ်စခန်းချထားရာ အကျဉ်းဦးစီးစခန်းလေးခုကို တအာင်းလွတ်မြောက်ရေးတပ် (TLNA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး/MDY-PDF) တို့ ပူးပေါင်း၍ နိုဝင်ဘာ ၁၉ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန် အောက်တိုဘာလကုန်ပိုင်းမှစ၍ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုအရှိန်ရလာပြီး ရှမ်းပြည်မြောက်ပိုင်း ၆ မြို့၊ စစ်ကိုင်းတိုင်း ၂ မြို့၊ ချင်းပြည်နယ် ၂ မြို့၊ ကရင်နီတွင် မြို့ ၁ မြို့တို့ကို သိမ်းပိုက်ထားသည်။