
အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော “၁၀၂၇” စစ်ဆင်ရေး တစ်လပြည့်လုချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်ဖြစ်နေပြီး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော TNLA နှင့် MNDAA တို့က ယမန်နေ့ (နိုဝင်ဘာ ၂၃) တွင် စစ်တပ်စခန်းသုံးခုထက်မနည်းကို ထပ်မံသိမ်းပိုက်လိုက်သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်သော မိုင်းကျက်စခန်းကို တစ်လနီးပါးကြာ တိုက်ခိုက်ပြီးနောက် ယမန်နေ့ ညပိုင်းတွင် သိမ်းယူနိုင်ခဲ့သည်ဟု တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်သည်။
လားရှိုးမြို့အရှေ့မြောက်ဘက် ၅၃ မိုင်ခန့်အကွာရှိ ထိုစခန်းတွင် စစ်သား ရာဂဏန်း ပုံမှန်တပ်စွဲထားလေ့ရှိပြီး TNLA က ထိုစခန်းကို စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်ကတည်းက တိုက်ခိုက်နေခြင်း ဖြစ်သည်။
ယမန်နေ့က စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းမှနေ၍ ၁၂ ကြိမ်ခန့် ဗုံးကြဲကြောင်း၊ တိုက်ပွဲ ပြင်းထန်လွန်းသည့်အတွက် ခက်ခက်ခဲခဲတိုက်ခိုက်သိမ်းယူခဲ့ရကြောင်း TNLA ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စခန်းက သိမ်းရခက်တယ်ဆိုတာထက် စခန်းသိမ်းတဲ့အချိန်မှာ သူတို့ဘက်က လက်နက်ကြီးရော ဂျက်လေယာဉ်ရော ရဟတ်ယာဉ်ရော အကြိမ်တစ်ရာမက လာရောက်ပစ်ခတ်ခဲ့တာတွေ ရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။
စခန်းသိမ်းတိုက်ပွဲတွင် ဟောင်ဝစ်ဇာအမျိုးအစား အမြောက်နှစ်လက်နှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်သည်ဟု TNLA က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ သို့သော် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေ မသိရပေ။
အောက်တိုဘာ ၂၇ မှ ယနေ့အထိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းပေါင်း ၄၇ ခုကို သိမ်းပိုက်ထားကာ မန်တုံနှင့် နမ့်ခမ်းမြို့ကို ပိတ်ဆို့ထိန်းချုပ်ထားသည်ဟု TNLA က ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရေးပါသည့် မြို့တစ်ခုဖြစ်သော နမ့်ခမ်းမြို့ကို ထိန်းချုပ်ပြီးနောက် မြို့အနီးရှိ လက်ကျန် စစ်တပ်စခန်းကုန်း ရရှိရေး TNLA က ဆက်လက်တိုက်ခိုက်နေကာ ယမန်နေ့တွင်လည်း တိုက်ပွဲဖြစ်သည်ဟု သိရသည်။

နမ့်ခမ်းအပြင် ယမန်နေ့ မွန်းလွဲပိုင်းက လားရှိုးမြို့နယ် နမ့်တွန်ကျေးရွာအနီးတွင် စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို TNLA က တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့ပြီး ကျောက်မဲမြို့နယ် စခန်းသာအနီးတစ်ဝိုက်တွင်လည်း ညနေပိုင်းအထိ တိုက်ပွဲဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးရသည်များလည်း ရှိနေသည်။ ယမန်နေ့ ည ၇ နာရီခန့်တွင် စစ်တပ်က လားရှိုးမြို့နယ်၊ မန်ဖတ်ကျေးရွာဘက်အတွင်း လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး အခြား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ ယမန်နေ့ ညနေပိုင်း၌ပင် မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်စဉ် နမ့်အွမ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။
မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန်နေ့ ညသန်းခေါင်အချိန်တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးပြီး နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်တွင်လည်း လက်နက်ကြီးကျပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး စတင်သည့်နေ့မှ ယမန်နေ့အထိ စစ်ကောင်စီဘက်မှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုပစ်ခတ်မှုများကြောင့် အရပ်သားနေအိမ် ၂၀၀ နီးပါး ပျက်စီးကာ ဒေသခံ ၆၀ ကျော် သေဆုံး၊ အရပ်သားဒေသခံ ၁၀၀ ကျော် ဒဏ်ရာရသည်ဟု TNLA ၏ ထုတ်ပြန်ချက်များအရ သိရသည်။
တရုတ်-မြန်မာနယ်စပ်တွင် MNDAA က စခန်းနှစ်ခု ထပ်သိမ်း
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသရှိ စစ်တပ်စခန်း ၂ ခုနှစ်ကို ယမန်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်ထားကာ “၁၀၂၇” စစ်ဆင်ရေး စတင်သည့်နေမှ လက်ရှိအချိန်ထိ စစ်တပ်စခန်းပေါင်း ၁၆၇ ခု သိမ်းပိုက်ထားသည်ဟု ဆိုသည်။
ကိုးကန့်ဒေသအတွင်း ရှီးရှမ်းဒေသမှ လူရွှေဆိုသည့်နေရာမှ စစ်တပ်စခန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကာ တုန်းရှမ်းဒေသ ဟူတောင်ရှိ စစ်စခန်းကို ညနေ ၄ နာရီခွဲခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိသည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောသည်။
ယမန်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အလောင်း ၄ လောင်း ကျန်ခဲ့ကာ ဗိုလ်အဆင့်ရှိသူတစ်ဦး ပါဝင်သည်ဟု ဆိုသည်။
နိုဝင်ဘာ ၂၂ ရက်ကလည်း စစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးသည်ဟု လီကျားဝင်းက ပြောသည်။
“စစ်ကောင်စီတပ်က မြေပြင်အင်အားနဲ့ လောင်ရှုကုတ်အနောက်ဘက် တောင်ကုန်းပေါ်ကို သူတို့က ထိုးစစ်ဆင်ဖို့ တက်လာတာ၊ တက်လာတာကို ကျွန်တော်တို့အဖွဲ့အစည်းက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ၁၀ ယောက်ထက်မနည်း ချေမှုန်းနိုင်ခဲ့တယ်လို့ သိရတယ်”
ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့နီးတွင် တိုက်ပွဲတချို့ ဆက်ဖြစ်နေကာ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။
“လောက်ကိုင်မြို့ကတော့ အရင်တစ်ရက် နှစ်ရက်က ကျွန်တော်တို့တပ်စွဲထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တာတို့ မြေပြင်စစ်အင်အားနဲ့ ထိုးတာတို့တော့ ရှိပါတယ်ဗျ” ဟု လီကျားဝင်းက ပြောသည်။
လောက်ကိုင်မြို့တွင်း၌ တိုက်ပွဲများမဖြစ်သေးသော်လည်း လက်နက်ကြီး၊ လက်နက်ငယ်သံများ နေ့တိုင်းနီးပါး ကြားနေရသည်ဟု မြို့တွင်း၌ ပိတ်မိနေသည့် အသက်၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ဒီမနက်တင်ဘဲ ကျွန်တော်တို့ ၁၀ တန်ဂိတ်နားမှာပဲ စက်သေနတ်ကြီးနဲ့ ပစ်တာရော လက်နက်ကြီးနဲ့ ထုတာရော အကြိမ်ကြိမ် ကြားနေရတယ်၊ အဲဒါကြောင့်မို့ ဘယ်သူမှလည်း မသွားလာရဲကြဘူးဗျ” ဟု ၎င်းက ဆိုသည်။
လောက်ကိုင်မြို့နှင့် တိုက်ပွဲနီးကပ်လာသည့်အတွက် မြို့တွင်း၌ ပိတ်မိနေသူများ ပို၍စိုးရိမ်လာသည်ဟု သိရသည်။
“လောလောဆယ်ကတော့ လူတွေက ကြောက်ရွံ့နေကြတာပေါ့။ မြို့နဲ့ကပ်လာပြီဆိုတော့။ တချို့ကျတော့ အိမ်ပြန်ဖို့လောက်ပဲ တွေးပြီး တချို့လည်း စိတ်သောကတွေ ရောက်နေကြတာပေါ့၊ မြို့ထဲမှာတော့ လူတွေက တော်တော်လေး နည်းသွားပြီ။ ပြန်ကြတဲ့လူတွေလည်း ဘေးလွတ်ရာကို ရောက်ကြပြီ ထင်တယ်ဗျ” ဟု အထက်ပါ အမျိုးသားက ပြောသည်။
စစ်ဆင်ရေးစတင်သည့် တစ်လနီးပါးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်း ၂၁၀ ကျော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့တို့ကို အပြည့်အဝထိန်းချုပ်ထားသည်။
