ကိုးကန့်တပ် MNDAA က ယမန်နေ့ (နိုဝင်ဘာ ၁၉) တွင် မြန်မာ-တရုတ်နယ် ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ စစ်ကောင်စီထိန်းချုပ် နယ်စပ်ဂိတ်ပေါက်တစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့ကာ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကိုလည်း ဆက်လက်ပိတ်ဆို့ထားသည်။
ထိုဂိတ်ပေါက်သည် တရုတ်နိုင်ငံ ဝမ်တိန်ဘက်အခြမ်းနှင့် ဆက်သွယ်ထားသည့် ဂိတ်ပေါက်ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း MNDAA ထိန်းချုပ်နိုင်ခဲ့သည့် တတိယမြောက်နယ်စပ်ဂိတ်ပေါက်ဖြစ်လာသည်။
ယင်းမတိုင်မီတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံးစခန်းဖြစ်သည့် ချင်းရွှေဟော်နယ်စပ်ဂိတ်နှင့် မုံးကိုးနယ်စပ်ဂိတ်တို့ကို MNDAA ထိန်းချုပ်နိုင်ခဲ့သည်။
ပန်ဆိုင်းနယ်စပ်ဂိတ်ပေါက်သိမ်းယူရေး စစ်ဆင်ရေးတွင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်သည့်နည်းတူ မြေပြင်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်သည်။
လူမှုကွန်ရက် Facebook မှတစ်ဆင့် MNDAA က လွှင့်တင်သည့် ရုပ်သံတွင် နယ်စပ်ဂိတ်တံခါးကို တရုတ်ဘက်က ပိတ်ထားပြီး မြန်မာဘက်အခြမ်းတွင် MNDAA ၏ အလံ လွှင့်ထူထားသည်ကို တွေ့ရသည်။
ယခင် သိမ်းပိုက်ထားသည့် မုံးကိုးနယ်စပ်ဂိတ်တွင်လည်း MNDAA တပ်များ စတင်ရုံးထိုင်နေသည်။ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်သည့် တရုတ်နိုင်ငံသား ၅ ဦးကို နိုဝင်ဘာ ၁၈ ရက်တွင် မုံးကိုးနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ် မန်ရှီးနယ်စပ်ရေးရာရုံးတာဝန်ခံထံ လွှဲပြောင်းပေးခဲ့သည်ဟု MNDAA က ထုတ်ပြန်သည်။
ပန်ဆိုင်းနယ်စပ်ဂိတ် သိမ်းပိုက်နိုင်သည့် နိုဝင်ဘာ ၁၉ ရက်နေ့၌ပင် ကိုးကန့်ခရိုင် ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု၊ ရွှင်မာလင်နေရာရှိ စစ်ကောင်စီတပ်စခန်းကို MNDAA အဖွဲ့က တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
နောက်ဆုံးရ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး MNDAA အဖွဲ့၏ ပြောခွင့်ရသူ လီကျားဝင်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ထို့ပြင် ကိုးကန့်ဒေသ၏မြို့တော် လောက်ကိုင်မြို့ကိုလည်း ရက်ပေါင်း ၂၀ ကျော်ကြာအောင် ပိတ်ဆို့ထားပြီး မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်ဟု MNDAA အဖွဲ့က နိုဝင်ဘာ ၁၄ ရက်ကတည်းက ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် MNDAA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များက လောက်ကိုင်မြို့၏ တောင်ဘက် ၂၃ မိုင်အကွာရှိ နယ်စပ်ကုန်သွယ်ရေးမြို့တော် ချင်းရွှေဟော်ကို သိမ်းပိုက်ထားနိုင်ပြီး လောက်ကိုင်မြို့နှင့် ၇ မိုင်ခွဲခန့် သာ ဝေးသည့် ပါစင်ကျော်ရွာကိုလည်း နိုဝင်ဘာ ၁၂ တွင် သိမ်းပိုက်လိုက်သည်။
နိုဝင်ဘာ ၁၂ ရက်က လောက်ကိုင်မြို့ အနောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ ရန်ခွမ့်ရွာအခြေစိုက် ဒကစ (လောက်ကိုင်) လက်အောက်ခံ ခြေမြန်တပ်ရင်း (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ကာ တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့် မိသားစုဝင် ၁၃၄ ဦးတို့ MNDAA အဖွဲ့ထံ အလင်းဝင်ခဲ့သည်။
အဆိုပါ ခမရ (၁၂၉) တပ်ရင်း၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်သည့် ကုန်းကြမ်းမြို့ရှိပြီး လောက်ကိုင်မြို့နှင့် မိုင် ၄၀ ကျော်ခန့် ကွာဝေးသည်။
ခမရ (၁၂၉) လက်နက်ချပြီးနောက် လောက်ကိုင်အနောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ လမ်းပိုင်းအားလုံးကို MNDAA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက စိုးမိုးထားလိုက်သည်ဟု ဒေသခံအချို့က ပြောသည်။
လောက်ကိုင်မြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ တရုတ်ဘက်မှ သွယ်တန်းထားသည့် လျှပ်စစ်မီးပြတ်တောက်သွားပြီး ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည်။
“သေနတ်သံ ဗုံးသံတွေ မကြားရတာတော့ လေးရက်လောက် ရှိသွားပြီ။ မီးက ၂၄ နာရီ ပြတ်နေတာ၊ ညဆိုရင်တော့ မီးစက်မနှိုးရဘူး” ဟု လောက်ကိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့တွင် လောက်ကိုင်မြို့တွင်းရှိ တရုတ်လူမျိုးများဖမ်းဆီးခံရသည်ဟု သိရသော်လည်း မည်သည့်အဖွဲ့အစည်းက ဖမ်းသည်ကို အတည်မပြုနိုင်သေးပေ။
လောက်ကိုင်နှင့် ၇ မိုင်ခန့်သာ ဝေးသည့် ပါစင်ကျော်ရွာအနီးတွင် MNDAA တပ်များက ဒေသခံများကို တားဆီးစစ်ဆေးမှုများရှိနေသလို လားရှိုး-သိန္နီ-လောက်ကိုင်လမ်းမကြီးကိုလည်း စစ်ရေးလိုအပ်ချက်အရဟုဆိုကာ ပိတ်ဆို့ထားဆဲဖြစ်သည်။ လောက်ကိုင်ကို စွန့်ခွာထွက်ပြေးလာသည့် ထောင်နှင့်ချီသော အရပ်သားများ လောက်ကိုင်နှင့် ပါစင်ကျော်ကျေးရွာကြားတွင် ပိတ်မိနေကြသည်။
အဆိုပါ လူအုပ်ကြီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်သည့်အတွက် နိုဝင်ဘာ ၁၁ ရက်က ခရီးသွား ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ လက်နက်ကြီးပစ်ခတ်ခံရပြီးနောက် ဒေသခံအများစုမှာ မြို့တွင်းသို့ ပြန်ဝင်သွားပြီး လောက်ကိုင်မြို့တွင်းသို့ ရောက်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်က ပြန်ထွက်ခွင့်မပေးတော့သည့်အတွက် ပိတ်မိနေကြသည်ဟု ဒေသခံအချို့က ပြောသည်။
“အခုထိတော့ တိုက်ပွဲမဖြစ်သေးဘူး၊ ဒါပေမဲ့ လမ်းလည်း မဖွင့်ပေးတော့ ဒီမှာ အားလုံးပိတ်မိနေကြတာ၊ ရေရှည်ဆိုရင်တော့ နေထိုင်စားသောက်ရေးက ပိုပြီးကျပ်တည်းလာဖို့ပဲရှိတယ်” ဟု စစ်ကိုင်းတိုင်းမှ လောက်ကိုင်မြို့တွင် ရောက်ရှိနေသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA တို့ ဦးဆောင်ပြီး မဟာမိတ်များ ပါဝင်တိုက်ခိုက်ကြသည့် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှစပြီး ယနေ့အထိ စစ်ကောင်စီစခန်းပေါင်း ၁၅၀ ကျော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုန်းကိုး၊ ပန်ဆိုင်း (ကြူကုတ်) စသည့် မြို့နယ်များကို အပြည့်အဝ ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်နေပြီဖြစ်သည်။