
မန္တလေးမြို့တွင် ယခုသီတင်းပတ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အမျိုးသမီးတစ်ဦးအပါအဝင် မြို့ခံ ၁၀ ဦးခန့် ဖမ်းဆီးခံရသည်ဟု သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် NLD ပါတီဝင် ဒေါ်သန်းစိုး၊ ၂၅ နှစ်အရွယ် သားဖြစ်သူနှင့် ဧည့်သည်အဖြစ် ရောက်နေသည့် ၂၀ အရွယ် လူငယ်တစ်ဦးတို့ကို ယခုလ ၁၆ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“အိမ်ကို ဝင်ဖမ်းသွားတာ၊ သားအမိနှစ်ဦးစလုံး၊ ဒါ့အပြင် ကောင်လေးတစ်ယောက်က ဧည့်သည်အဖြစ် ရောက်လာတာ သူ့နောက်မှာ ခြေရာခံလိုက်လာတယ်လို့လည်း ယူဆရတယ်။ သုံးဦးစလုံးကို ရိုက်နှက်ဖမ်းသွားတာ”
ဒေါ်သန်းစိုးသည် ၂၀၁၂ခုနှစ်ကတည်းက NLD ပါတီဝင်ဖြစ်ခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဟု သိရသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိတော့သည့် ဒေါ်သန်းစိုးကို မည်သည့်အတွက်ကြောင့် စစ်တပ်က ဖမ်းဆီးခဲ့သည်ကို မသိရဟု အထက်ပါ နီးစပ်သူက ဆိုသည်။
“ဘာ့ကြောင့်ဖမ်းခံရသလဲ အံ့ဩတာ။ သူက အစကတည်းက နေအိမ်မှာပဲ နေထိုင်ပြီး အေးအေးဆေးဆေး နေတော့တာ။ ဖမ်းချင်ရင် အရင် ၅၀၅ နာမည်ထွက်ကတည်းက မဖမ်းဘဲနဲ့ အခုမှ ဝင်ဖမ်းတာ”
လတ်တလောတွင် ဒေါ်သန်းစိုးနှင့်အတူ အဖမ်းခံရသူများ မည့်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရဘဲ သေဆုံးသွားပြီဟု အတည်မပြုနိုင်သည့် သတင်းများကြားနေရသည်ဟု မြို့ခံ NLD ပါတီဝင်တစ်ဦးက ဆိုသည်။
“နီးစပ်ရာ နီးစပ်ကြောင်းတွေဆီကနေ လိုက်စုံစမ်းနေတာ ဖမ်းတဲ့ သားအမိနှစ်ဦးမှာ တစ်ဦး သေသွားပြီဆိုပြီး ပြောတယ်။ ဒါပေမဲ့ အမေဖြစ်သူ ဆုံးတာလို့လည်း ကြားလာရပြန်တယ်၊ အတည်ပြုနေဆဲပါ။ မိသားစုကို အကြောင်းကြားလာတာမျိုးတော့ မရှိသေးဘူး အားလုံးလည်း စိတ်ပူနေကြတယ်” ဟု ၎င်းက ပြောသည်။
ဖောက်ခွဲတိုက်ခိုက်မှုများ အဆက်မပြတ်ရှိနေသည့် မန္တလေးမြို့တွင် မြို့ခံများ မကြာခဏ ဖမ်းဆီးခံနေရကာ ယခုလ ၁၅ ရက်နေ့ကလည်း ကိုအောင်ဇော်ဦးအမည်ရှိ မြို့ခံကျောင်းဆရာတစ်ဦးကို PDF အဖွဲ့များကို ထောက်ပံ့ကူညီသည်ဆိုကာ စစ်တပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။
နောက်နှစ်ရက်အကြာ နိုဝင်ဘာ ၁၇ တွင်လည်း ၆၆ လမ်း၊ ၁၂ လမ်းနှင့် ၁၄ လမ်းကြားတွင် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားသုံး ၃ ဦးကို စစ်တပ်က ဖမ်းသွားသည်ကို တွေ့ခဲ့သည်ဟု မြို့ခံများက ဆိုသည်။ အဖမ်းခံရသူများ မည်သူမည်ဝါဟု မသိရပေ။
ယမန်နေ့တွင်လည်း ဦးပွားခုံးကျော်တံတားအနောက်ဘက် ငြိမ်းချမ်းရေးကျောင်းပေါက်အနီး ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးကို အရပ်ဝတ်ပျူစောထီးများက ဆိုင်ကယ်များဖြင့် တိုက်ကာ အသင့်ရပ်ထားသည့် ကားပေါ် ဆွဲတင် ဖမ်းသွားသည်ဟု သိရသည်။
တစ်ဦးချင်းအလိုက် မည်သူမည်ဝါဟု အတည်မပြုနိုင်သော်လည်း ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တွင် အဖမ်းခံရသူ ၉ ဦးထက်မနည်း ရှိနေပြီး ထို့ထက်များနိုင်သည်ဟု မြို့ခံများက ခန့်မှန်းထားသည်။