
ရခိုင်ပြည်နယ်တွင် ယမန်နေ့က “၁၀၂၇” စစ်ဆင်ရေး စတင်လိုက်ပြီးနောက် နယ်မြေထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်ပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။
ပလက်ဝမြို့နယ် နှုံးဘူးရွာနှင့် ထရွန်အိုင်ရွာတို့အနီးရှိ စစ်တပ်ဗျူဟာကုန်းအနီးရှိ စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်အထိ တိုက်ပွဲပြင်းထန်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
“ပလက်ဝအခြေစိုက် ခလရ ၂၈၉ ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာ ရှိပါတယ်။ အခုချိန်ထိကတော့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြီးတော့ ပြင်းထန်နေတုန်းပဲ ရှိပါတယ်” ဟု ယနေ့ မွန်းလွဲပိုင်း ဆက်သွယ်မေးမြန်းစဉ် ဦးခိုင်သုခက ဆိုသည်။
ပလက်ဝမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက နှုံးဘူးနှင့် ထရွန်အိုင်ရွာအနီးရှိ တပ်စခန်းနှစ်ခုကို AA က နံနက်အစောပိုင်းကတည်းက တစ်ပြိုင်နက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ စစ်တပ်က လေယာဉ်များဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း ပြောသည်။
“ပစ်သံတွေ ကြားနေရတယ်။ လူတွေ အထိအခိုက်ရှိတယ်လို့ သိရတယ်။ ရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးသွားကြပြီ” ဟု ပလက်ဝမြို့ခံက ဆိုသည်။
ယခင် ၂၀၁၈ နှောင်းပိုင်းက AA နှင့် စစ်တပ်ကြား တိုက်ပွဲများဖြစ်စဉ် ရခိုင်နှင့် ချင်းပြည်နယ်အစပ်ရှိ ပလက်ဝမြို့နယ်မှာ တိုက်ပွဲအပြင်းထန်ဆုံးဒေသဖြစ်ခဲ့သည်။
ပွဲဦးထွက်၌ပင် စစ်တပ်အထိနာ
ယမန်နေ့တွင် AA က ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးစတင်လိုက်ပြီးနောက် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီနှင့် ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မောင်တော၊ မင်းပြားနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့အထိ စစ်ရေးကျယ်ပြန့်သွားပြီဖြစ်သည်။
ရသေ့တောင်မြို့နယ် ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်းကို ယမန်နေ့တွင် AA က သိမ်းပိုက်ရရှိခဲ့ပြီး ဒုံးပိုက်ရွာမြောက်ဘက် ၃ မိုင်အကွာရှိ ချိန်ခါလီနယ်ခြားစောင့်ရဲစခန်းကို ယနေ့ နံနက် ၇ နာရီတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိသည်ဟု သိရသည်။
“ဒုံးပိုက်စခန်းကိုတော့ မနေ့က သိမ်းပိုက်ရရှိခဲ့တယ်။ နောက်ဆက်တွဲအနေနဲ့ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်ခဲ့တာဖြစ်တယ်” ဟု ဦးခိုင်သုခက ပြောသည်။
ထို့ပြင် ယမန်နေ့ နံနက်ပိုင်း၌ မင်းပြားမြို့နယ်၊ ဖားပြို(ချင်း) ရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်နှင့် ညနေ ၄ နာရီခန့်တွင် ပန်းမြောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲများတွင် စစ်တွေအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၄၄) တပ်ရင်းမှ ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးသန့်ဇင်ထွန်းနှင့် တပ်စုမှူး ဗိုလ်ကြီးဖြိုးဇေယျာလှိုင် အပါအဝင် စုစုပေါင်း ၁၀ ဦးကို AA က ဖမ်းဆီးရမိခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးကျော် သေဆုံးခဲ့သည်ဟုလည်း AA က ယနေ့ သတင်းထုတ်ပြန်သည်။
အလားတူ ယမန်နေ့ နံနက် ၅ နာရီခွဲခန့်က မောင်တောမြို့နယ်၊ သင်္ဘောလှရွာအနီးတွင် ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်လည်း သုံ့ပန်းတစ်ဦး အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီး စစ်ကောင်စီဘက်က ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင် အပါအဝင် ၁၄ ဦးခန့် သေဆုံးသည်ဟု သိရသည်။
တိုက်ပွဲများအတွင်း ၎င်းတို့တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟုလည်း AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်နက်ချအဖမ်းခံ၊ စခန်းများစွန့်ခွာ
ယမန်နေ့က ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၂ ဦးသည် AA ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ ထို့ပြင် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၆ ဦးလည်း အခြားနေရာတွင် လက်နက်ချ အလင်းဝင်ခဲ့သည်။

ထို့ပြင် နယ်ခြားစောင့်တပ်စခန်းနှင့် ရဲစခန်းပေါင်း ၄၀ နီးပါးကို စွန့်လွှတ်ကာ နီးစပ်ရာ စစ်တပ်စခန်းများထံ သွားရောက်ပူးပေါင်းခဲ့သည်များလည်း ရှိသည်။
လက်နက်ချ အညံ့မခံသူများကို ဆက်လက် တိုက်ခိုက်မည်ဟု AA က ထုတ်ပြန်ထားသည်။
“တခြား ကျောက်ဖြူမြို့နယ်ဘက်မှာလည်း မြို့ချောင်းရဲစခန်းက ရဲတွေလည်း လက်နက်ချ အလင်းဝင်တယ်ဆိုတဲ့ ဖြစ်စဉ်တော့ ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကတော့ အခုချိန်ထိ ကျွန်တော့်ဆီကို ရောက်လာတာ မရှိသေးဘူးဗျ” ဟု ဦးခိုင်သုခက ပြောသည်။
“ရမ်းဗြဲမြို့နယ်ထဲမှာ စခန်းစွန့်သွားတဲ့ ရဲစခန်းကတော့ အနည်းဆုံး ငါးခုလောက်ရှိတယ်လို့ သိရတယ်။ ပြီးတော့ ပေါက်တောမြို့နယ်ဘက်မှာလည်း ရဲစခန်းသုံးခုလောက်က စခန်းကို စွန့်ခွာသွားတယ်လို့ သိရတယ်”
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မိသားစုဝင်များနှင့် ဘေးမသီရန်မခ ပြန်တွေ့နိုင်ရေး ၎င်းတို့ထံ လက်နက်ချရန် AA က ဖိတ်ခေါ်ထားသည်။
“ရက္ခိုင့်တပ်တော်ရဲ့ နီးစပ်ရာ တပ်စခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီးတော့ လက်နက်ချ အညံ့ခံဖို့ အသိပေးပြောကြားလိုပါတယ်။ လက်နက်ချ အညံ့ခံတဲ့ စစ်သားပဲဖြစ်ဖြစ်၊ ရဲပဲဖြစ်ဖြစ် ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပြီးတော့မှ မိသားစုတွေနဲ့ တွေ့ဆုံဖို့ အကောင်းဆုံး ကူညီလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
ယမန်နေ့မှစ၍ စစ်ကောင်စီက ရန်ကုန်-စစ်တွေ ကားလမ်းမကြီးကို ပိတ်ဆို့လိုက်ပြီး ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း ဆက်သွယ်ဝင်ထွက်ရာ နေရာများကိုလည်း ပိတ်ဆို့ထားသည်ဟု သိရသည်။
ပြည်နယ်မြို့တော် စစ်တွေအပါအဝင် ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့တွင် AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဒေသခံများကို ဖမ်းဆီးနေခြင်းများလည်း ရှိသည်။

ဒေသခံ ၄ ဦး သေဆုံး၊ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းရှိ
ရခိုင်ရှိ ၎င်းတို့စခန်းတချို့ စွန့်လွှတ်လိုက်ရသလို တပ်ဖွဲ့ဝင်များ AA ထံ လက်နက်ချမှုများ ရှိလာသောကြောင့် ယမန်နေ့ ညနေတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့တွင် အရပ်သား ၄ ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းရှိသည်ဟု သိရသည်။
ကျောက်တော်မြို့တောင်ဘက် အပေါက်ဝရွာကို မြောက်ဘက်ကပ်လျက် ဦးစွန်တောင်ပေါ်ရှိ စစ်တပ်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သလို ရွာအနောက်ဘက် ၅ မိုင်အကွာရှိ ကန်စောက်ရွာ အခြေစိုက် ခမရ ၅၃၉ က လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဒဏ်ရာရသူ ၈ ဦးအနက် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးမှာ လက်တစ်ဖက် ဖြတ်တောက်ရနိုင်သည်အထိ ဒဏ်ရာပြင်းထန်သည်ဟု ၎င်းက ဆိုသည်။
ကျောက်တော်မြို့နယ်မှ သေဆုံးသူများမှာ ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဖြစ်ပြီး ရွာသားများ ထွက်ပြေးနေရဆဲဖြစ်၍ အသေးစိတ် မေးမြန်း၍ မရသေးပေ။
မင်းပြားတွင်လည်း မြို့အနောက်ဘက်ရှိ ကျိန်းတောင်တွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အနီးဝန်းကျင်များအတွင်း ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။
ဖေသာပြင်ကျေးရွာမှ အသက် ၅၀ အရွယ် ဦးကျော်သိန်းဖြူဆိုသူသည် ရွာအပြင်ဘက်တွင် စပါးရိတ်ရန် ပြင်ဆင်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နောက်ကျောနှင့် ခြေထောက်တို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ယမန်နေ့ နံနက် ၉ နာရီခန့်က မြောက်ဦးမြို့ပေါ် မြင်းခုံတန်းရပ်ကွက်၊ မင်းသားကျွန်းအနီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပေါက်ကွဲမှုကြောင့် လမ်းပေါ်တွင် သွားလာနေသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၂ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သည့် မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
ထို့အတူ တိုက်ပွဲပြင်းထန်နေသည့် ရသေ့တောင်မြို့နယ် ချိန်ခါလီရွာတွင်လည်း ပစ်ခတ်မှုကြောင့် ထွက်ပြေးနေသူ ၃ ဦးမှာ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုအတွင်း ဒဏ်ရာရသည်ဟု သိရသည်။
ဒဏ်ရာရသူများမှာ ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် အနီးရှိ တောတောင်တွင် ဗုံးခိုကျင်းတူး၍ ပုန်းခိုနေစဉ် စစ်တပ်ဘက်က ပစ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ထိခိုက်သွားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဒဏ်ရာရတာကတော့ ကျွန်တော်နဲ့ ကျွန်တော့်ချွေးမမှာ။ မြေးလေးမှာတော့ ခြေထောက်မှာ နည်းနည်း ရှပ်ထိသွားတယ်။ လက်နက်ကြီးက ရသေ့တောင်မြို့ကလည်း ပစ်တယ်။ မြစ်က နေဗီ (ရေတပ်) ကလည်း ပစ်တယ်။ ကျွန်တော်ကတော့ နေဗီက ပစ်တာလို့ ထင်တယ်။ ကျွန်တော့ချွေးမမှာတော့ မျက်လုံးနားကို ထိသွားလို့ နည်းနည်းပြင်းထန်တယ်”
မင်းပြားမြို့တွင် ယမန်နေ့ ညပိုင်း၌ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဥက္ကာပျံရပ်ကွက်မှ အသက် ၇၀ အရွယ် ဒေါ်ရွှေနုနှင့် မြေးဖြစ်သူ ၁၃ အနှစ်အရွယ် မဝင်းဝင်းလှိုင်တို့ ဒဏ်ရာရရှိသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် AA နှင့် တိုက်ပွဲဖြစ်နေပြီး ကြည်း၊ ရေ၊ လေ တပ်များဖြင့် ပြန်လည်တိုက်ခိုက်နေသည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)