
နိုင်ငံအနှံ့ အဖမ်းအဆီးများ ဆက်ရှိနေချိန်တွင် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင်လည်း ယခုလ ဒုတိယအပတ်အတွင်း အရပ်သား ၅ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
၄ ဦးမှာ အွန်လိုင်းလူမှုကွန်ရက် ဆိုရှယ်မီဒီယာတွင် စစ်တပ်နှင့် ပတ်သက်သည့် သတင်းအမှားများ ရေးသားသည်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ခံကြောင်း ရေးသားသည်ဟူသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။
နိုဝင်ဘာ ၈ ရက်က မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်းနှင့် ၇၆ လမ်း တောင်ဘက်ထောင့်ရှိ ဖုန်းရောင်းဝယ်ရေးဆိုင်တစ်ခုမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“မန္တလေး ၈ နာရီမာရှယ်လော ကွန်ဖန်းဆိုပြီး ရေးတင်မိခဲ့လို့ နောက်မနက်မှာ သေနတ်ထောက်ပြီး လာဖမ်းသွားကြတာ” ဟု ယင်းနေရာအနီး နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားက Myanmar Now ကို ပြောသည်။
“မွတ်စလင် ဘာသာရေးသမား လူငယ်ပါ။ လူအေး။ သူ့ဘာသာ ဖုန်းဆိုင်ဖွင့်ပြီး အေးအေးဆေးဆေးနေတဲ့သူ။ မူကြိုအရွယ်ကလေးတစ်ဦး ရှိတယ်။ မိသားစု….အေးအေးနေတာ” ဟု သူက ဆိုသည်။
အမှတ် (၉) ရဲစခန်းမှ ရဲ ၄ ဦး အပါအဝင် ၇ ဦးက ဖမ်းသွားခြင်းဖြစ်သည်ဟု သိရသည်။
ထိုနေ့က ည ၁၁ နာရီခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း (၈၁ နှင့် ၈၂ လမ်းကြား) တည်းခိုခန်းတစ်ခုမှ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးကိုလည်း အင်အားသုံး ဖမ်းဆီးသွားသည်။
နောက်တစ်နေ့တွင်လည်း မန္တလေးမြို့ခံများဖြစ်ကြသည့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ကိုငြိမ်းဝေလု(ခ)ကုလား၊ အသက် ၃၀ အရွယ် ကိုအောင်ဆန်းမော်နှင့် ၂၅ နှစ်ဝန်းကျင်အရွယ် ကွမ်းယာရောင်းသည့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခံရသည်ဟု အထက်ပါ မြို့ခံက ဆိုသည်။
“မာရှယ်လောသတင်းတင်လို့ ဖမ်းခံကြရတာ။ ကွမ်းရောင်းတဲ့ ကောင်မလေးကတော့ အောင်သပြေပန်းကိုင်ပြီး Tiktok မှာ အောင်ပါစေသီချင်းတင်လို့ ဖမ်းတာ။ စဉ်းစားလို့ကို မရဘူး။ သူတို့က (စစ်ကောင်စီ) အကုန်ပတ်ရမ်းနေကြတော့တာ”
လူမှုကွန်ရက်တွင် တက်လာသည့် ဗီဒီယိုဖိုင်တစ်ခုတွင် အထက်ပါ ဖမ်းဆီးထားသည့် ကွမ်းယာရောင်းသူ အမျိုးသမီးငယ်ကို စစ်ကြောရေးလုပ်ဆောင်နေသည်ဟု ယူဆရသည့် အခန်းတစ်ခုတွင် သပြေပန်းစည်း ကိုင်ဆောင်ကာ “PDF များ တစ်သက်လုံးမနိုင်ပါ…မအောင်ပါ” ဟု အဆက်မပြတ် အော်ခိုင်းနေသည်ကို တွေ့ရသည်။
စစ်ကောင်စီ ဝါဒဖြန့် စာမျက်နှာများတွင် တင်ထားသည့် ရုပ်သံဖြစ်သည်။

နိုဝင်ဘာ ၁၁ က တော်လှန်ရေးအင်အားစုများသည် အောင်သပြေပန်းများဖြင့် တစ်နိုင်ငံလုံးအနှံ့ လှုပ်ရှားမှု လုပ်ခဲ့ကြရာ ထိုလှုပ်ရှားမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခြင်းဖြစ်ဖွယ်ရှိသည်ဟု တချို့က ယူဆနေကြသည်။
အဆိုပါ ၅ ဦးတွင် တူညီသည့် အချက်မှာ စစ်ကောင်စီ ဝါဒဖြန့် စာမျက်နှာများက ဖမ်းဆီးရန် ရေးသားလှုံ့ဆော်ခဲ့ကြပြီး နာရီပိုင်းအတွင်း ဖမ်းဆီးခံကြရခြင်းဖြစ်သည်။
နိုင်ငံအတွင်း၌ စစ်မက်အကြီးအကျယ်ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများနှင့် နာရီအနည်းငယ်သာ ခရီးကွာဝေးသည့် မန္တလေးနှင့် ပြင်ဦးလွင်မြို့တို့တွင် စစ်ကောင်စီက “ညမထွက်ရအမိန့်“ ထုတ်ပြန်ပြီး ပေါ်တာဆွဲနေသည် ဟူသည့် ကောလာဟလများလည်း ထွက်ပေါ်နေသည်။
ထိုအကြောင်း အွန်လိုင်းတွင် ရေးသားသူများကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသလို မြို့နယ်အသီးသီးရှိ ရပ်ကွက်များ၊ ရွာများအတွင်း သတင်းအမှားများကို မယုံကြည်ကြဘဲ ပြည်သူများ အေးချမ်းစွာ သွားလာနိုင်သည်ဟု စစ်ကောင်စီအုပ်ချုပ်ရေးဝန်ထမ်းများက အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာနေသည်ဟု သိရသည်။
မန္တလေးမြို့တွင် ဒေသခံများ မကြာခဏဆိုသလို ဖမ်းဆီးခံနေရပြီး တန်ဖိုးရှိသော နေအိမ်များ၊ အဆောက်အအုံများပါ ချိပ်ပိတ် သိမ်းဆည်းခံနေရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၃ တွင် မန္တလေးမှ အသက် ၇၀ ဝန်းကျင်အရွယ် အငြိမ်းစား မျက်စိအထူးကုဆရာဝန်ကြီး၊ ဇနီးနှင့် အသက် ၄၅ နှစ်အရွယ် သားဖြစ်သူတို့ တော်လှန်ရေးသမားများကို ထောက်ပံ့သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခံရပြီး ပိုင်ဆိုင်သည့် မြို့လယ်ရှိ ဆေးခန်းနှင့် ကွန်ဒိုကိုပါ စစ်ကောင်စီက ချိပ်ပိတ်သွားသည်။
ဆန္ဒပြလျှင်ပင် ပစ်သတ်နေသည့် စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆရသူ မည်သူ့ကိုမဆို ဖမ်းဆီး ထိန်းသိမ်း၍ ပိုင်ဆိုင်မှုများကို သိမ်းယူနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)