သတင်း

စစ်ကိုင်းနှင့် ကချင်နယ်စပ်ရှိ စစ်စခန်း ၂ ခုကို စီးနင်းသိမ်းပိုက်ခဲ့ဟု KIA ပြော

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စခန်း ၂ ခုကို ယနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။​

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၃ ခုကို ယနေ့ (နိုဝင်ဘာ ၉) နံနက်ပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ရာ ၂ ခုကို သိမ်းပိုက်ထားနိုင်ပြီဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။​

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် နယ်မြေချင်း ဆက်နေသည့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး ထိုစခန်းများကို ယနေ့ နံနက် ၃ နာရီကတည်းက ကချင်ဒေသကာကွယ်ရေးအဖွဲ့ (KPDF) နှင့်အတူ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုစခန်းများသည် တစ်ခုနှင့်တစ်ခု ၂ ဖာလုံ (မီတာ ၃၀၀) နီးပါးသာ ကွာဝေးသည်ဟုလည်း သိရသည်။

တိုက်ပွဲနေရာတွင် ရှိနေသည့် ဖားကန့် KPDFအဖွဲ့ဝင်တစ်ဦးကလည်း ထိုစခန်းများကို နံနက် ၈ နာရီခန့်ကတည်းက သိမ်းနိုင်ခဲ့သည်၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူယူပြီး ခုခံနေသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ရှမ်းနီတပ် (SNA) နှင့်အတူ ရှိနေသဖြင့် ခုခံမှု အားကောင်းနေသည်ဟု သူက ဆက်ပြောသည်။

“နှစ်ခုပဲ ရသေးတယ်။ တစ်ခုက ကျန်နေတာ။ ညကတည်းက ဖြစ်နေတာ မပြီးသေးဘူး။

ကျန်တဲ့ တစ်ခုက (စစ်တပ်နှင့် SNA) ပေါင်းထားတော့ ဖြိုရခက်နေတာ။ လေယာဉ်နဲ့လည်း လာပစ်တယ်” ဟု ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်စခန်း ၂ ခုကို သိမ်းဆည်းနိုင်သည်ဟု အတည်ပြုသည်။

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သောကြောင့် စခန်သိမ်းနိုင်မှုနှင့် တိုက်ပွဲအခြေအနေအသေးစိတ်ကို မေးမြန်း၍ မရသေးပေ။

၂၀၂၁ ခုနှစ်နောက်ပိုင်း SNA က ဟုမ္မလင်းနှင့် ဆယ်ဇင်းဒေသတစ်ဝိုက်ကို ထိန်းချုပ်ရန် တည်ဆောက်ထားသည့် အဆိုပါစခန်းများသည် စစ်ကောင်စီအတွက် အင်အားဖြည့်တင်းပေးနေသော၊ အရေးပါသော စခန်းများဖြစ်သည်ဟု Kachin News Group သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၃၁ နံနက်ပိုင်းကလည်း မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှ အရေးပါသည့် ကန်တော်ယန် (ခ) ဂန်ဒေါင်ယန်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။ ဝိုင်းမော်မြို့နယ်အတွင်း တည်ရှိသည့် ထိုစခန်းနေရာတစ်ဝိုက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် မကြာခဏ တိုက်ခိုက်နေကြောင်း သိရသည်။

KIA သည် အောက်တိုဘာ ၂၀ ကလည်း ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်ကြား ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ စခန်းကုန်းနှစ်ခုကို စီးနင်းသိမ်းပိုက်ခဲ့သည်။ အောက်တိုဘာ ၁၈ နှင့် ၁၉ တွင် ရွှေကူမြို့နယ် ငါးဘတ်ကြီးရွာရှိ တာဝါတိုင်စခန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့အနီးရှိ ဝိန်လောတောင်စခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတွင်လည်း အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ပြီး ကိုးကန့်တပ် MNDAA, တအန်းတပ် TNLA, ရက္ခိုင့်တပ် AA, ကချင်တပ် KIA နှင့် PDF ပူးပေါင်းတပ်များက ၁၀၂၇ စစ်ဆင်‌ရေးအမည်ဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ စစ်ဆင်ရေးအစမှ နိုဝင်ဘာ ၈ ရက်အထိ စစ်စခန်းပေါင်း ၁၂၅ ခုကို သိမ်းပိုက်ထားနိုင်သည်ဟု MNDAA က ဆိုသည်။

တိုက်ပွဲများအတွင်း လက်နက်ပေါင်း ရာနှင့်ချီ၊ ခဲယမ်းပေါင်း ထောင်ချီ သိမ်းဆည်းနိုင်ခဲ့သည်၊ သံချပ်ကာကား ၉ စီးကိုလည်း စစ်ဆင်ရေးအတွင်း သိမ်းပိုက်၊ ဖျက်ဆီးနိုင်ခဲ့သည်ဟု MNDAA က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button