
ကိုဗစ်နိုင်တင်းရောဂါပျံ့နှံ့နေသည့် ရန်ကုန်ရှိ သက်ဆိုင်ရာမဲဆန္ဒနယ်များသို့ သွားရောက်စည်းရုံးနိုင်ခြင်း မရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်များ နေပြည်တော်ရှိ ယာယီဌာနချုပ်ရုံးခွဲတွင် အောင်လံလွှင့်ထူခဲ့ကြပြီးနောက် ဒီမိုကရေစီရေးအတွက် NLDကို မဲပေးကြရန် ပြည်သူများကို ပန်ကြား လိုက်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်စတင်သည့် စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီတွင် ပြုလုပ်သည့် အောင်လံလွှင့်တင်သည့်အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့က ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
“ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့မြေမှာ ဒီအောင်လံဟာ ခိုင်မြဲအောင်လို့ နိုဝင်ဘာ ၈ရက် (ရွေးကောက်ပွဲနေ့)နေ့မှာ ပြည်သူတွေအားလုံးဟာ NLDကို မဲပေးကြပါလို့ ဒီကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်”ဟု NLD ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဝင်ရောက်အရွေးခံရန် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့နေအိမ်တွင် နေထိုင်သူနှစ်ဦး၌ ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရ ကြောင်း စမ်းသပ်တွေ့ရှိပြီးနောက် ကော့မှူးသို့ ယနေ့သွားရောက်သည့် ခရီးစဉ်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ခွင့်မပြုခဲ့ခြင်းဖြစ်သည်။
အလားတူပင် ရန်ကုန်ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရသည့် ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း “ ဒီမိုကရေစီရေးအတွက် မဲပေးကြပါ။ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီရေးအတွက် မဲပေးကြပါ”ဟု အလံတင် အခမ်းအနားအပြီးတွင်ပြောကြားသည်။
၁၉၉၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် အပြတ်အသတ်အနိုင်ရဖူးသည့် NLDသည်လာမည့် အထွေထွေရွေးကောက်ပွဲတွင်လည်း တစ်နိုင်ငံလုံး၌ ၁၁၄၃ နေရာဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်။