သတင်း

နှစ်ရက်ဆက် ဗုံးကြဲခံရသည့် လိုင်ဇာတွင် ဒဏ်ရာရသူ ငါးဦးခန့်ရှိ

ဝိုင်းမော်မြို့နယ် အထိုင်စခန်း လက်လွတ်ဆုံးရှုံးပြီးနောက် စစ်တပ်က KIA ဌာနချုပ်အနီးကို နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ အထိုင်စခန်း လက်လွတ်ဆုံးရှုံးပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရသူ ငါးဦးကျော်ရှိသည်ဟု သိရသည်။

ဝိုင်းမော်မြို့နယ် ကန်တော်ယန်ရွာရှိ စစ်တပ်အထိုင်စခန်းကို ယမန်နေ့ (အောက်တိုဘာ ၃၁) တွင် KIA က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီဘက်မှ အရာရှိတချို့ သေဆုံးခဲ့သည်။

စစ်တပ်က လိုင်ဇာကို ယမန်နေ့တွင် သုံးကြိမ်ထက်မနည်း ဗုံးကြဲခဲ့သည့်နည်းတူ ယနေ့ မွန်းလွဲပိုင်းတွင်လည်း လေကြောင်းမှ ထပ်မံတိုက်ခိုက်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ ပါဂျောင်တောင်ဘက်မှာလည်း လေကြောင်းနဲ့ လာပစ်တာရှိပါတယ်။ သုံလေးခေါက်လောက်ရှိတယ်။ ဒီနေ့လည်း တစ်ခါလာပစ်တာ ရှိပါတယ်။ လိုင်ဇာမှာ မနေ့က ပြည်သူလူထုတွေ နည်းနည်းပါးပါး ထိခိုက်တာရှိပါတယ်”

ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ကလေးတချို့အပါအဝင် လူငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း၊ အသေးစိတ် မသိရသေးကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လိုင်ဇာမြို့ခံ အမျိုးသမီးတစ်ဦးကမူ ယမန်နေ့က အလမ့်ဘွမ်တောင်ပေါ်သို့ ဗုံးသီးကျရောက်ပေါက်ကွဲစဉ် ၉ ဦးခန့် ထိခိုက်ဒဏ်ရာရသည်ဟု ဆိုသည်။

၎င်းကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အသေးစိတ်အခြေအနေ မသိကြောင်း၊ ဒဏ်ရာရသူတို့မှာ ၁၅ နှစ်အရွယ် ကျောင်းသူကျောင်းသားများဖြစ်သည်ဟု သိရကြောင်းလည်း အထက်ပါ အမျိုးသမီးက ဖြည့်စွက်ပြောဆိုသည်။

လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အရေးကြီးသည့် ဆက်သွယ်ရေးလမ်းကြောင်း (မြစ်ကြီးနား-ဗန်းမော်လမ်း) ကို KIA က ထိန်းချုပ်ရန် ကြိုးစားသဖြင့် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ကန်တော်ယန်စခန်း အလစ်အငိုက်တိုက်ခိုက်ခံရစဉ် အရာရှိနှင့် စစ်သားတချို့ ထိခိုက်သေဆုံးခဲ့သည်၊ လိုင်ဇာကို တိုက်ခိုက်မည့်အကြောင်း တရုတ်နိုင်ငံကို ကြိုတင်အသိပေးခဲ့သည်ဟုလည်း ဆိုသည်။

စစ်ကောင်စီ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “သူတို့က သူတို့ကဏ္ဍ ပြောတာပါ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ကဏ္ဍ ပြောမယ်ဆိုလို့ရှိရင် နယ်မြေလုံခြုံရေးအရ ပစ်တာဖြစ်ပါတယ်” ဟု တုံ့ပြန်သည်။

ဒေသခံများက ဂန်ဒေါင်ယန်ဟု ခေါ်သည့် ကန်တော်ယန်ရှိ စစ်တပ်စခန်းကို သုံးနာရီကြာ တိုက်ခိုက်ပြီးနောက် KIA ကသိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အမှတ် ၃၈၇ ခြေမြန်တပ်ရင်း တပ်ရင်းမှူး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း ဆုံးရှုံးသည်ဟု ဒေသခံတချို့က ဆိုသော်လည်း KIA က အသေးစိတ် ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

ကန်တော်ယန်စခန်းသည် မြစ်ကြီးနား-ဗန်းမော်ကားလမ်းကို ထိန်းချုပ်နိုင်သော နေရာတစ်ခုဖြစ်ကာ ဒေသလမ်းပန်းဆက်သွယ်ရေးနှင့် စစ်တပ်အတွက် ရိက္ခာထောက်ပံ့ပို့ဆောင်ရေး အချက်အချာကျ လမ်းကြောင်းဖြစ်သည်ဟု သိရသည်။

အောက်တိုဘာလဆန်းပိုင်းက လိုင်ဇာအနီးရှိ စစ်ရှောင်စခန်းကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ရသည်။ ထိုဖြစ်စဉ်အပြီး KIA က ထိုးစစ်ဆင် တိုက်ခိုက်နေရာ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားသည်။

ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က “၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် စစ်ကောင်စီကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၆ ရက်ရှိပြီဖြစ်သည်။

ညီနောင်သုံးဖွဲ့၏ အဆိုပါ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားရှိ စစ်တပ်စခန်းအများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့အချိန် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button