
ရန်ကုန်လူငယ်များဂေဟာ အားကစားခန်းမပိုင်ဆိုင်ရေးအငြင်းပွားမှုကို စစ်ဆေးနေသည့် ပန်းဘဲတန်းမြို့နယ်တရားသူကြီးကို ရာထူးအာဏာအလွဲသုံးသည်ဆိုကာ တရားလိုဘက်က ပြည်ထောင်စုတရားလွှတ်တော်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရန်ကုန်တိုင်းတရားသူကြီးချုပ်အပါ အစိုးရဌာန ခြောက်ခုသို့ ယမန်နေ့က တိုင်ကြားခဲ့သည်။
သက်သေတစ်ဦးက တင်သွင်းသော ဗီဒီယိုဖိုင်၊ အသံဖိုင်များကို ပန်းဘဲတန်းမြို့နယ်တရားသူကြီး ဒေါ်သီတာက ဩဂုတ် ၂၅ ရုံးချိန်းတွင် ပယ်ချခဲ့သဖြင့် ရန်ကုန်လူငယ်များဂေဟာ စည်းကမ်းထိန်းသိမ်းရေးနှင့်အလုပ်အမှုဆောင်အဖွဲ့က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ပိုင်ဆိုင်ရေးအငြင်းပွားမှုမှာ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ လူငယ်များဂေဟာ အားကစားခန်းမစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဂေဟာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ကြား နှစ်ဖက်အပြန်အလှန် ဖွင့်ထားသည့်အမှု ဖြစ်သည်။
အငြင်းပွားမှုတွင် ဂေဟာစည်းကမ်းထိန်းသိမ်းရေးနှင့်အလုပ်အမှုဆောင်အဖွဲ့က ဂေဟာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့ ဦးဆောင်သည့် လူ၂၀ ကျော်ကို ဂေဟာတွင်း ဖောက်ထွင်းဝင်ရောက်မှုအတွက် ရာဇသတ်ကြီးဥပဒေပါ ၃၄၁၊ ၄၂၇၊ ၄၅၁၊ ၅၀၆၊ ၁၁၄ ပုဒ်မ ငါးခုဖြင့် တိုင်ကြားခဲ့သည်။
သို့သော် ပန်းဘဲတန်းမြို့နယ်တရားရုံးက အိမ်ကျော်နင်းဝင်ရောက်မှု ရာဇသတ်ကြီးပုဒ်မ ၄၄၈ ဖြင့်သာ အမှုကို စစ်ဆေးခဲ့သည်။
ယင်းဖောက်ထွင်းဝင်ရောက်မှုနှင့် ပတ်သက်၍ တရားလိုက တင်သွင်းသော သက်သေများသည် အမှုနှင့်မသက်ဆိုင်ခြင်း၊ အချိန်ကာလကြာမြင့်သော သက်သေများဖြစ်နေခြင်း စသဖြင့် အကြောင်းပြကာ မြို့နယ်တရားသူကြီးက သက်သေစာရွက်များကိုပင် မကြည့်ရှုဘဲ ပယ်ချခဲ့ကြောင်း တရားလိုဖြစ်သူ ဂေဟာစည်းကမ်းထိန်းသိမ်းရေးနှင့် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောသည်။
“ဖောက်ထွင်းဝင်ရောက်မှုနဲ့ ပြောတဲ့စကားတွေပေါ့။ ဘယ်သူက သော့ဖျက်တယ်၊ ဘယ်သူက သော့ဖွင့်တယ်၊ အထဲဝင်လို့မရအောင် ဘယ်လိုလုပ်မယ်။ နောက် ဘယ်လိုဖမ်းချုပ်မယ် ပြောတဲ့စကားတွေ ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေတင်တာကို တရားသူကြီးက လုံးဝလက်မခံဘူး။ ပုဒ်မ ၄၄၈ နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ပုံစံနဲ့ လုပ်တာ” ဟု ဦးထွန်းထွန်းဦးက ပြောသည်။
ယင်းသက်သေများသည် ဂေဟာကို ဖောက်ထွင်းဝင်ရောက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဂေဟာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းပါ အဖွဲ့သား ၂၀ ကျော်အပေါ် ပုဒ်မများ ထပ်တိုးလာနိုင်သောကြောင့် မြို့နယ်တရားသူကြီးက ပယ်ချခြင်းဖြစ်သည်ဟု တရားလိုဘက်က စွပ်စွဲပြောဆိုသည်။
အဆိုပါ ရုပ်သံ၊ အသံဖိုင်များတွင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ထားသည်များ ပါဝင်ကြောင်း အမှု၏ မျက်မြင်သက်သေ ပန်းဘဲတန်းမြို့နယ် (၂) ရပ်ကွက် ရာအိမ်မှူးဒေါ်ချိုချိုအေးက ပြောသည်။
“အစ်မတို့က မျက်စိနဲ့မြင်တာကို အမှန်အတိုင်း ထွက်တယ်။ သက်သေခံအထောက်အထားတွေကို အမှန်အတိုင်း တင်တယ်။ ဒီ တရားခံဘက်ကလည်း အစ်မကို ဖုန်းဆက်ထားတယ်။ ဒီ မျက်မြင်သက်သေနဲ့ ထွက်မဲ့သူကို သူတို့ သတ်ပစ်မယ်။ လူသတ်မှုနဲ့ ထောင်ထဲဝင်မယ်။ အဲဒါတွေ ( အသံဖိုင်) အကုန်တင်တယ်။ ဒါပေမယ့် တရားသူကြီးက လက်မခံတဲ့အတွက် အစ်မတို့က အမှန်အတိုင်းဖြစ်ဖို့ လာတိုင်တာ” ဟု ၎င်းက ပြောသည်။
စွပ်စွဲတိုင်ကြားခံရမှုနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့နယ်တရားသူကြီး ဒေါ်သီတာက ၎င်းအနေဖြင့် မည်သည့်အမှုတွင်မျှ ဘက်လိုက်မှုမရှိဟု Myanmar Now ကို ပြောသည်။
အဆိုပါ စွပ်စွဲချက်များကိုလည်း အထက်တာဝန်ရှိသူများက လာရောက်စစ်ဆေးမည်ဖြစ်ပြီး တိုင်စာအကြောင်းအရာနှင့်ပတ်သက်၍ ပြောကြားခွင့်မရှိကြောင်းလည်း ဒေါ်သီတာက ဆိုသည်။
ဂေဟာအားကစားခန်းမပိုင်ဆိုင်ရေးအငြင်းပွားမှုတွင် ကျပ်သိန်း ၆၀ ကျော် လာဘ်ပေးလာဘ်ယူမှုလည်း ပေါ်ပေါက်သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းမှ ဒုတိယရဲမှူးအောင်ဇော်မိုး၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန စာချွန်တော်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း (လက်ရှိ မြောင်းမြခရိုင် ဥပဒေအရာရှိ)၊ ဂေဟာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူးဦးမြင့်ဦးတို့သည် ဇွန်လအတွင်းက အဂတိမှုဖြင့် အမှုဖွင့်ခံခဲ့ရသည်။
အဂတိကော်မရှင်က အမှုဖွင့်ပြီးနောက် ပန်းဘဲတန်းမြို့နယ်ရဲစခန်းမှ ဒုရဲမှူးအောင်ဇော်မိုးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကလည်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် စစ်ဆေးပြီး ရဲဝန်ထမ်းအဖြစ်မှ အပြီးတိုင်ထုတ်ပယ်အရေးယူခဲ့သည်ဟု ရာအိမ်မှူးဒေါ်ချိုချိုအေးက ပြောသည်။
ပိုင်ဆိုင်ရေးအငြင်းပွားမှုတွင် ဖောက်ထွင်းဝင်ရောက်မှုဖြင့် စွပ်စွဲခံရသူများဘက်က လာဘ်ငွေရယူကာ တိုင်ကြားစာရေးပေးသည့် ဒေါ်နီနီဝင်းကို လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗဟန်းမြို့နယ်တရားရုံးများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်တရားစွဲထားသည်။
တရားလိုဘက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ပေးပို့ခဲ့သော ဖောက်ထွင်းဝင်ရောက်မှုနှင့် ပတ်သက်သည့်သက်သေများကို ပန်းဘဲတန်းမြို့နယ်တရားရုံး၌ ထပ်မံတင်ပြရာ ပယ်ချခံခဲ့ရသည်ဟု တရားလို ဦးထွန်းထွန်းဦးက ပြောသည်။
အဂတိမှုဖြင့် အမှုဖွင့်ခံထားရသူ ဦးဉာဏ်ထွန်းထွန်းနှင့် ဦးမြင့်ဦးတို့သည် ဖောက်ထွင်းဝင်ရောက်မှုဖြင့် အမှုဖွင့်ခံရသည့် ၂၃ ဦးအနက် ဦးဆောင်သူနှစ်ဦးအဖြစ်လည်း စွပ်စွဲခံထားရသည်။ ကျန်သူများမှာ ပုဒ်မ ၄၄၈ ကို အာမခံဖြင့် တရားရင်ဆိုင်နေပြီး နောက်ရုံးချိန်းမှာ စက်တင်ဘာ ၈ ဖြစ်သည်။
ရာဇသတ်ကြီးပုဒ်မ ၄၄၈ အရ ပြစ်မှုထင်ရှားပါက ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ တစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်သည်။
အငြင်းပွားနေသည့် အဆောက်အအုံမှာ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ‘ရန်ကုန်မြို့လူငယ်များဂေဟာအုပ်ချုပ်ရေးအဖွဲ့’ ဟု ဆိုင်းဘုတ်တင်ထားသည့် ၆ ခန်းတွဲ ၈ ထပ် အုတ်တိုက် အဆောက်အအုံဖြစ်သည်။
အဆိုပါ ရန်ကုန်မြို့လူငယ်များဂေဟာကို ကိုလိုနီခေတ် ၁၉၂၉ ခုနှစ်တွင် နေရှင်နယ်ကောင်စီ အမျိုးသမီးနှင့် ဝိုင်-အမ်-စီ-အေ (Y.M.C.A.) ခေါ် ခရစ်ယာန်လူငယ်အသင်းတို့က မိဘမဲ့နှင့် ခိုကိုးရာမဲ့ကလေးများ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ချက်ချက်ဖြင့် စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။