
တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း (Covid-19) ဖြစ်ပွားမှု လက်ရှိအချိန်အထိ အများဆုံးတွေ့ရှိထားသည့် ရခိုင်ပြည်နယ်ရှိ အတည်ပြုလူနာများ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ရောဂါပြင်းထန်သူ မရှိကြောင်း ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
ဒုတိယလှိုင်းဟု ပြောဆိုကြသည့် တစ်ကျော့ပြန်ဖြစ်ပွားမှုတွင် ဩဂုတ် ၁၆ မှ ယနေ့ (ဩဂုတ် ၂၆) နံနက်ပိုင်းအထိ အတည်ပြုလူနာသစ် ၁၈၄ ဦး ရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ၁၇၄ ဦးဖြင့် အများဆုံးတွေ့ရှိထားသည်။
“လူနာတွေက များသောအားဖြင့် အနံ့ပျောက်တယ်။ လည်ပင်းနာတယ်။ ဒီလောက်ပါပဲ။ ကျန်တဲ့ဟာတွေ သိပ်မရှိပါဘူး။ တစ်ယောက်တလေတော့ အန်တယ်၊ ခေါင်းမူးတယ်။ ဒီလောက်ပါပဲ” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Myanmar Now ကို ပြောသည်။
ရောဂါကူးစက်မှု အဖြစ်များသော်လည်း ရောဂါပြင်းထန်မှုနည်းကြောင်း တွေ့ရှိရသည်ဟုလည်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း အတည်ပြုလူနာ အများဆုံးရှိရာ စစ်တွေမြို့တွင် ရောဂါလက္ခဏာပြင်းထန်သူ တစ်ယောက်မှမရှိကြောင်း အတည်ပြုလူနာ ၈၁ ဦးလက်ခံထားရှိသည့် စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကလည်း အတည်ပြုသည်။
“ပိုးစစ်လိုက်တယ်။ တွေ့လိုက်တယ်။ ဆိုးဆိုးရွားရွား မရှိဘူးပေါ့။ ဖျားတာ၊ နာတာ၊ နှာစီးတာ မရှိဘူးပေါ့။ ရှိရင်လည်း နည်းနည်းအနံ့မရတာတို့ ဒီလောက်ပေါ့နော်။ ပြင်းပြင်းထန်ထန် ရောဂါလက္ခဏာမရှိဘူးဆိုတာ ပြောချင်တဲ့သဘောမျိုးပါ။ ခြုံကြည့်လိုက်ရင်တော့ အားလုံးကျန်းမာပါတယ်။ စိုးရိမ်စရာတစ်ယောက်မှ မရှိဘူး” ဟု ၎င်းက ပြောသည်။
အတည်ပြုလူနာများကို (၁) လုံးဝရောဂါလက္ခဏာမရှိသူ၊ (၂) အနည်းငယ်လက္ခဏာပြသသူ၊ (၃) အခြားရောဂါရှိသူ၊ (၄) ရောဂါလက္ခဏာပြင်းထန်သူ ဟူ၍ အုပ်စုလေးခု ခွဲခြားသတ်မှတ်ထားရာတွင် အုပ်စု (၄) ဖြစ်သည့် ရောဂါလက္ခဏာပြင်းထန်သူ တစ်ယောက်မှ မရှိကြောင်းလည်း ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။
“ကျွန်တော့အမြင်ကတော့ အရင်ဖြစ်တာတွေက ပိုပြီးတော့ ရောဂါလက္ခဏာပြင်းထန်ပြီးတော့ နောက်အခု ဖြစ်တဲ့သူတွေက ရောဂါလက္ခဏာပေါ့တယ်လို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် တွေ့ရှိရသည့် အတည်ပြုလူနာများအနက် စစ်တွေမြို့မှ အများဆုံးဖြစ်ပြီး သံတွဲ၊ ကျောက်ဖြူ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့် မြို့နယ်များမှလည်း ပါဝင်သည်။
ရခိုင်ပြည်နယ်တွင် တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ကူးစက်နှုန်းမြန် ဗိုင်းရပ်စ်အဆင့် ဟုတ်၊ မဟုတ် စစ်ဆေးနေပြီး မကြာခင်ထုတ်ပြန်ပေးသွားမည်ဟု ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက ဩဂုတ် ၂၅ တွင် Myanmar Now ကို ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၇၀ ဦး ထပ်မံတွေ့ရှိခဲ့ရာ ၂၄ နာရီအတွင်း အတည်ပြုလူနာ ၁၀၀ အထိရှိလာပြီး အမြင့်ဆုံးစံချိန်တင်ကူးစက်မှု ဖြစ်ခဲ့သည်။