သတင်း

အမရပူရတွင် အမျိုးသားများ ဆိုင်ကယ်စီးခွင့် ကန့်သတ်ခံရ

ဆိုင်ကယ်မြို့တော်ဟု နာမည်ကျော်သည့် မန္တလေးမြို့အတွင်းရှိ အမရပူရမြို့နယ်တွင် ဆိုင်ကယ်အသုံးပြုမှု ကန့်သတ်ချက်များကို ယခုလ (အောက်တိုဘာ ၁ ရက်) မှစ၍ စစ်ကောင်စီက ထုတ်ပြန်ထားသည်ဟု ဒေသခံများက ပြောသည်။

ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦး မစီးရ၊ အမျိုးသမီးမောင်းသည့် ဆိုင်ကယ်နောက်ထိုင်ခုံတွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုရဟု မြို့နယ်အဆင့် စစ်ကောင်စီက ကန့်သတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ကန့်သတ်ချက်ကို ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ထုတ်တဲ့ စာတွေ့တာမျိုးတော့ မရှိဘူး။ အဓိကကတော့ ဆိုင်ကယ်နောက်ထိုင်ခုံမှာ အားနေတဲ့ ယောက်ျားလေး လိုက်ပါစီးနင်းတာမလုပ်နဲ့ဆိုတာမျိုး နားလည်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အမရပူရမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အမရပူရမြို့နယ်သည် စစ်ကောင်စီကို အပြင်းအထန် ခုခံနေသည့် စစ်ကိုင်းတိုင်းနှင့်လည်း ဧရာဝတီမြစ်ခြားပြီး တည်ရှိသည်။  စစ်ကိုင်းဘက်မှ မန္တလေးမြို့တွင်းသို့ ကုန်းလမ်းမှ လာရောက်လိုပါက စစ်ကိုင်းတံတား ခေါ် အင်းဝတံတား၊ အမရပူရမြို့နယ်တို့ကို ကျော်ဖြတ်ရမည် ဖြစ်သည်။

စစ်ကောင်စီ၏ ယင်းကန့်သတ်ချက်သည် မည်သည့်အတွက်ကြောင့် ထုတ်သည်ဟု အကြောင်းပြမထားပေ။

ဦးပိန်တံတား၊ တောင်သမန်အင်း စသည့် ရပ်နီးရပ်ဝေးခရီးသွားများ စိတ်ဝင်စားသော နေရာများ တည်ရှိရာ အမရပူရတွင် ဆိုင်ကယ်ကို အခြားယာဉ်များထက် ပိုမိုအသုံးပြုနေရသည့် ဒေသခံတို့အတွက် ထိုကန့်သတ်ချက်က အခက်အခဲဖြစ်နိုင်သည်ဟုလည်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ဆိုင်ကယ်ကယ်ရီသမားတွေက လူရွေးပြီး လိုက်ရတော့မှာလား၊ မိန်းကလေးခရီးသည်ကိုပဲ ရွေးလိုက်ရမှာလား၊ ဆိုင်ကယ်ကယ်ရီသမားတွေမှာ သုံးဘီးတွေ ပေါလာလို့ ခရီးသည်ရှားပါးရတဲ့အထဲ နောက်ထပ် အကျပ်အတည်းတစ်ခုထပ်ဖြစ်တာပေါ့ဗျာ” ဟု အမရပူရမြို့ခံ ထိုအမျိုးသားက ပြောသည်။

မန္တလေးခရိုင် ခြောက်မြို့နယ်အတွင်း ပါဝင်သည့် အမရပူရမြို့နယ်သည် မန္တလေး၏ အနောက်တောင်ဘက်အစွန်တွင် ရှိပြီး၊ မြို့ဧရိယာအတွင်းရှိနေသည့် မြို့နယ်တစ်ခုဖြစ်သည်၊ ကျေးလက်ဧရိယာလည်း အခြားမြို့နယ်များထက် ပိုမိုများပြားသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။

ကျေးလက်ဒေသများမှ မြို့ပေါ်သို့ အလုပ်လုပ်ရန် သွားလာကြသူများသည့် အခြေခံလူတန်းစားများသည် ဆိုင်ကယ်ကိုသာ အဓိက အသုံးပြုကြသည်။ နီးစပ်ရာ လုပ်ငန်းတူ လုပ်ဖော်ကိုင်ဖက်များနှင့် ဆိုင်ကယ်အတူလိုက်ပါစီးနင်းခြင်း၊ သွားလာစားရိတ် ချွေတာခြင်းအတွက် ဆိုင်ကယ်မှာ အရေးပါသည့် သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်သည်။

ကန့်သတ်ချက် ထုတ်ပြန်ထားသော်လည်း မြို့နယ်ထဲတွင် ပုံမှန် စီးနင်းသွားလာနေကြသေးသည်ကို တွေ့မြင်နေရကြောင်းလည်း သိရသည်။

မန္တလေးသည် စစ်ကောင်စီလက်နက်ကိုင်တို့က လမ်းသွားလမ်းလာတို့၏ လက်ကိုင်ဖုန်းများကို စစ်ဆေးတတ်သဖြင့် မည်သည့်နေရာတွင် စစ်ဆေးသည့်အုပ်စုရှိနေကြောင်း အွန်လိုင်းသတိပေးချက်ကို ကြည့်ပြီးမှ သတိထားသွားလာရသည့် မြို့တစ်မြို့ ဖြစ်လာသည်။

မန္တလေးမြို့အဝင် အမရပူရမြို့ပေါ် လမ်းမများတွင်မူ စကစလက်အောက်ခံ ယာဉ်ထိန်းနှင့် ရဲများက အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့စစ်ဆေးတတ်ကြောင်း မန္တလေးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အဖမ်းအဆီးကတော့ အရမ်းများတယ်၊ ဖမ်းပြီဆိုရင်လည်း ဝိုင်းပိတ်ပြီးတော့ ဖမ်းနေကြတာ” ဟု မဟာအောင်မြေမြို့နယ်မှ ထိုအမျိုးသမီးက ဆိုသည်။

အမရပူရ ဆိုင်ကယ်စီးနင်းမှု ကန့်သတ်ချက်များသည် အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်နေကြသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ ဆိုင်ကယ်အသုံးပြုကာ တိုက်ခိုက်နေခြင်းကို ဟန့်တားနိုင်ရန် စစ်ကောင်စီက လုပ်ဆောင်ခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆသည်။

“သူတို့ကို လာပစ်သွားတာ၊ ဗုံးထုသွားတာမျိုးတွေမှာ တစ်ယောက်က ဆိုင်ကယ်မောင်း၊ နောက်ကတစ်ယောက်က ပစ်တယ်လို့ ဒီကောင်တွေက ယူဆတယ် ထင်တယ်၊ အဲ့ဒါကို ကြောက်လို့ ခုလိုတွေ လျှောက်လုပ်နေတာ” ဟု မြို့ခံအမျိုးသားတစ်ဦးက သုံးသပ်သည်။

အခြားမြို့ခံအမျိုးသားကလည်း အလားတူ ပြောသည်။

“သူတို့လုံခြုံရေးအတွက်ပါပဲ၊ သူတို့ကို ဒါမျိုးစီးပြီး လာလာအန္တရာယ်ပြုသွားတယ်လို့ ထင်လို့ ကြိုကာတာပေါ့” ဟု ထိုသူက ပြောသည်။

အာဏာသိမ်းစစ်အုပ်စုသည် အာဏာသိမ်းပြီးကတည်းက ဒေသတချို့တွင် ဆိုင်ကယ်စီးမှုကို အလားတူ ကန့်သတ်ထားသည်။ မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်၊ မွန်ပြည်နယ် ပေါင်မြို့နယ်၊ စစ်ကိုင်းတိုင်းမှ စစ်ကိုင်းမြို့နယ်၊ တနင်္သာရီတိုင်းမှ ထားဝယ်မြို့နယ်တို့လည်း ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button