သတင်း

ပလိပ်မြို့တွင် ဈေးဝယ်ပြန်လာသော ရဲများ ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပလိပ်မြို့တွင် ယခုလ ၂၃ ရက်နေ့ ညပိုင်းက ဈေးဝယ်ပြန်လာသည့် ရဲများ ဗုံးပစ်တိုက်ခိုက်ခံရပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလိပ်မြို့ခံတစ်ဦးအဆိုအရ ရဲတပ်ဖွဲ့ဝင်များမှာ ည ၇ နာရီခန့်တွင် မြို့မရဲစခန်းအဝင်ဝ၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

“ရဲ ၆ ဦးက အပြင်ထွက် ဈေးဝယ်ပြီး စခန်းထဲကို ပြန်အဝင် တံခါးပေါက် ပိတ်တဲ့အချိန်မှာ တိုက်ခိုက်ခံရတာ။ ၄ ဦး လဲကျသွားတာတော့ မြင်လိုက်သူတွေရှိတယ်။ ရဲတွေဘက်ကလည်း ပြန်ပစ်တယ်။ နောက်ဆက်တွဲ ၄ ဦးထက်မနည်းဘူး ထိတယ်လို့လည်း ကြားရတယ်” ဟု ၎င်းက ဆိုသည်။​

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းတွင်းမှ အချိန်အတော်ကြာ ခြောက်လှန့်ပစ်ခတ်သည်ဟုလည်း သိရသည်။ လူမှုကွန်ရက်တွင် တွေ့ရှိရသော ရုပ်သံဖိုင်တစ်ခုတွင် ပလိပ်မြို့ရဲစခန်းရှေ့၌ ပေါက်ကွဲသံနှင့်အတူ မီးပွားများ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

ပလိပ်မြို့ရဲစခန်းရှေ့ တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း People’s Army To Fight Dictatorship (PAFD) ဆိုသော အဖွဲ့က စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပေ။

ထိုရဲစခန်းသည် လောင်းကစားလုပ်ငန်းများနှင့် ပူးပေါင်းပြီး မြို့နေလူထုကို ဒုက္ခပေးခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ဆောင်သူများကို ဖမ်းဆီးအရေးယူခြင်း၊ ဒေသခံများကို ဒုက္ခမျိုးစုံပေးခြင်းတို့ကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု PAFD တပ်ဖွဲ့ခေါင်းဆောင် ကိုတေဇက ပြောသည်။

ထိုတိုက်ခိုက်မှုတွင် ရဲ ၄ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း၊ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ၎င်းတို့ဘက်မှ အထိအခိုက်မရှိ ချက်ချင်း ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

“ဗုံးက သူတို့အုပ်စုထဲကို တိုက်ရိုက်ကျတာဆိုတော့ မျက်မြင်ကတော့ ၄ ယောက် လဲသွားတာ မြင်ရတယ်။ ကျန်တဲ့ကိစ္စကတော့ မြို့မှာ လုပ်ရတာဆိုတော့ ကျွန်တော်တို့ ခက်ခက်ခဲခဲ အခြေအနေမှာ ချက်ချင်း တန်းဆုတ်ရတာ။ စောင့်မကြည့်နိုင်တဲ့အတွက် အသေးစိတ်တော့ သိရနိုင်ခြင်း မရှိဘူးခင်ဗျာ။ ဒါပေမဲ့ ဒေသခံတွေအဆိုအရ ၄ ယောက်ထက်မနည်းကို ထိခိုက်တယ် ပြောတယ်”

တိုက်ခိုက်မှု မပြုလုပ်ရသေးမီ တွေ့ရသော ပလိပ်မြို့ ရဲစခန်း။ (ဓာတ်ပုံ-ပေးပို့)

အဆိုပါ ပလိပ်ရဲစခန်းကို ပြီးခဲ့သည့်နှစ် ဇူလိုင် ၃၀ ညပိုင်းကလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ယခု ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသော အခြားအဖွဲ့များနှင့် ပူးပေါင်းကာ PAFD အဖွဲ့က အခြားပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ဖူးသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလဆန်းပိုင်းက စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်မြို့ရဲစခန်းကို ဒေသတွင်း ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ၄၀ မမ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုကို PAFD အပါအဝင် People’s Knight Defence Force Myinmu (PKDF-MMU), Taungtha People Defence Force (TTA- PDF), D.B.B.F-MMU နှင့် Phoenix (SGG) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့စွမ်းသမျှတော့ မစ်ရှင်ပေါင်းများစွာကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပြည်သူကို အသိပေးချင်တာက ကျွန်တော်တို့အသက်ထက် လက်နက်က ပိုတန်ဖိုးရှိနေတဲ့အတွက် ဒီလက်နက်တစ်ခုကို ရဖို့ကို မနည်းကြိုးပမ်းနေရတဲ့အခက်အခဲတွေတော့ ရှိနေပါတယ်” ဟု PAFD တပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button