သတင်း

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်ရုံး သေနတ်ဖြင့် ပစ်ခံရ

မန္တလေး၊ မဟာအောင်မြေမြို့နယ် ၃၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ရတနာဘုမ္မိအရှေ့ရပ်ကွက်ရုံးကို ယမန်နေ့ (စက်တင်ဘာ ၁၉) ည ၇ နာရီဝန်းကျင်တွင် လူတစ်စုက သေနတ်ဖြင့် လာရောက်ပစ်ခတ်သည်။

ရဲ ၆ ဦးထက်မနည်း ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး မကြာမီတွင် လူနာတင်ကားနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာသည်ဟု မျက်မြင်များကို ကိုးကား၍ ဒေသခံနှစ်ဦးက ပြောသည်။

ရဲ ၁ ဦးသေ၊ ၁ ဦး လက်မောင်းတွင် ဒဏ်ရာရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုလည်း မသိရသေးပေ။

ပစ်ခတ်မှုဖြစ်ပြီးနောက် ထိုရပ်ကွက်သို့ စစ်ကောင်စီလက်နက်ကိုင်အများအပြား ရောက်လာကာ စစ်ဆေးခြင်း၊ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒါကတော့ သူတို့ (စစ်ကောင်စီ) လုပ်ရိုးလုပ်စဉ်ပါ” ဟု သူက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး ၆ လကျော်အကြာနှင့် ၂၀၂၂ နှစ်ကုန်ပိုင်းတို့တွင်လည်း ထိုရပ်ကွက်ရုံး တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းမှတ်တမ်းဟောင်းများတွင် တွေ့ရသည်။

အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် မန္တလေးမြို့တွင် ယခုနှစ်ဆန်းမှစ၍ မြို့ပြပျောက်ကြားတော်လှန်ရေးလှုပ်ရှားမှုများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီပစ်မှတ်များ ရံဖန်ရံခါ တိုက်ခိုက်ခံနေရဆဲဖြစ်သည်။

ယခုလအတွင်း မန္တလေးမြို့ပေါ်၌ စစ်ကောင်စီပစ်မှတ် သုံးခုထက်မနည်း တိုက်ခိုက်ခံထားရသည်။

စက်တင်ဘာ ၁၆ တွင် မြို့လယ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်၊ စက်တင်ဘာ ၁၁ တွင် ချမ်းမြသာစည်မြို့နယ် လမ်း ၆၀ နှင့် ၁၀၂ လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးတို့တွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button