သတင်း

စစ်ကိုင်းတွင် အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ဘေး ကျေးရွာများအနီးရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းများကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်နေကြောင်း ဒေသခံများ၊ ကာကွယ်ရေးအဖွဲ့များက ပြောသည်။

မန္တလေး၊ ငါန်းဇွန်မြို့နယ်ဘက်မှ ကူးလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်က ကင်းတော်ကျေးရွာ၊ တံတားဦးကျေးရွာတို့အနီးတွင် ရှိသည့် ကျေးရွာပကဖအဖွဲ့တို့၏ စခန်းများကို စက်တင်ဘာ ၁၄ ရက်နေ့တွင် ဝင်တိုက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားများ အသတ်ခံရသည်ဟု PDF တပ်မှူးက ပြောသည်။

“ညနေ ၃ နာရီခွဲလောက်မှာ ကျတော့ မြင်းဆည်ရွာက ရွာသား ၄ ယောက်ကို ပစ်သတ်သွားတယ်။ ယောက်ျား ၄ ယောက် ရွာထဲဝင်ဖို့ လုပ်တာမှာ ဝိုင်းပစ်ပြီးတော့ ဖမ်းပြီး သတ်ပစ်လိုက်တာ” ဟု စစ်ကိုင်းခရိုင် PDF တပ်ရင်း (၈) မှ တပ်ရင်းမှူး ကိုဒေဝက ဆိုသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတို့မှာ အသက် ၃၀ကျော်နှင့် ၄၀ ကျော်များဖြစ်ကြသည့် ဦးကျော်ထွန်းနိုင်၊ ဦးဇော်မင်း၊ ဦးတေဇာဦး၊ ဦးသိန်းဇော်တို့ ဖြစ်သည်။

ထိုဒေသခံများ လယ်ကွင်းအတွင်း ဝပ်နေချိန်တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ စစ်ဆေးပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်၊ ထိုအလောင်များကို ယနေ့ (စက်တင်ဘာ ၁၅ ရက်) အထိ ကောက်ယူနိုင်ခြင်းမရှိသေးဟုလည်း ကိုဒေဝက ပြောသည်။

ထိုနေ့ နံနက်ပိုင်းတွင်လည်း ပကဖ ရဲဘော်တစ်ဦးနှင့် တံတားဦးရွာမှ အရပ်သား အမျိုးသမီး၂ ဦး အဖမ်းခံခဲ့ရသည်၊ ထိုသူများ မည်သည့်နေရာတွင် ချုပ်နှောင်ခံထားရသည်ကို မသိရဟုလည်း ကိုဒေဝက ပြောသည်။

ပကဖ လက်နက်ခဲယမ်းနှင့် မော်တော်ယာဉ်တစ်စီးတို့ ဆုံးရှုံးသွားသည်၊ တိုက်ပွဲများအတွင်း ပကဖ ရဲဘော်နှစ်ဦးလည်း ဒဏ်ရာရသွားသည်ဟု သိရသည်။

စစ်ကြောင်းထိုးမှုကြောင့် ဧရာဝတီမြစ်ဘေးနှင့် ဝန်းကျင်ရှိ မြင်းဆည်၊ ရွာသစ်ကြီး၊ မြစ်သာ၊ ကင်းတော်၊ ငါ့တရော်၊ စသည့် ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြရသည်။ စစ်ကောင်စီတပ်သည် ရွာသစ်ကြီးကျေးရွာနှင့် မြင်းဆည်ကျေးရွာတို့ကို ထပ်မံ ဝင်ရောက်နေကြောင်း စစ်ရှောင်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“အဖွဲ့အစည်းတွေ၊ စခန်းတွေ တိုက်ခိုက်ခံရတာ၊ လူတွေသတ်ခံရတာက မနေ့က ဖြစ်တာ၊ ဒီနေ့လည်း စစ်ကြောင်းတွေ ရှိနေလို့ ကျွန်တော်တို့က ရှောင်နေရတုန်းပဲ” ဟု အဆိုပါဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်က ကျေးရွာများအတွင်း ဝင်ရောက်နေထိုင်နေပြီး၊ ရွာသားတို့၏ ပစ္စည်းများကို စက်လှေများဖြင့် တင်ဆောင်ကာ ဧရာဝတီမြစ်တစ်ဖက်ကမ်း ငါန်းဇွန်မြို့နယ်သို့ သယ်ယူနေကြောင်းလည်း ဒေသခံရွာသားက ဆိုသည်။

လက်နက်ကိုင်တို့က ဒေသခံတို့၏ ပစ္စည်းများကို ခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရယူနိုင်သေးပါ။

တံတားဦးကျေးရွာရှိ PDF စခန်းများကို စီးနင်းရာတွင် လက်နက်များနှင့် မော်တော်ယာဉ်များ သိမ်းဆည်းမိသည်၊ PDF အလောင်း ၃ လောင်း၊ ကင်းတော်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်းမှ လက်လုပ်လက်နက်များ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ရေးသားထားသည်။

တော်လှန်ရေးတပ်ဖွဲ့များကမူ စီးနင်းမှုများအတွင်း တော်လှန်ရေးရဲဘော်များ သေဆုံးမှုမရှိ၊ ရဲဘော် ၁ ဦးသာ ဖမ်းဆီးခံရသည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button