
မန္တလေး၊ ချမ်းမြသာစည်မြို့နယ် လမ်း (၆၀) နှင့် (၁၀၂) လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံး စက်တင်ဘာ (၁၁) နေ့ ညနေပိုင်းက ဗုံးဖြင့် တိုက်ခိုက်ခံရပြီး အနည်းငယ်ထိခိုက်သည်ဟု သိရသည်။
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) က ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် အခွန်နှုန်း သုံးဆတိုးမြှင့် ကောက်ခံသွားမည်ဟု ကြေညာပြီး သုံးရက်အကြာတွင် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။
“အသံက အကျယ်ကြီးပဲ။ လူထိခိုက်တာမျိုး မကြားပေမဲ့ အဆောက်အအုံအတွင်းရှိတဲ့ ကား၊ ဆိုင်ကယ်တချို့နဲ့ အဆောက်အအုံတချို့ ထိခိုက်တယ်လို့ ကြားတယ်။ အသေးစိတ်တော့ သွားမကြည့်ရဲတော့ မသိရဘူး” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက ဗုံးဖြင့် ပစ်ပေါက်ကာ ထွက်ပြေးသွားပြီး အထိအခိုက်မရှိဟု စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြသည်။
စစ်ကောင်စီသည် ပြည်သူများ၏ အိုးအိမ်များကို သိမ်းဆည်းချိပ်ပိတ်နေသည့်အပြင် အခွန်တိုးမြှင့် ကောက်ခံကာ နည်းမျိုးစုံဖြင့် ဒုက္ခပေးနေခြင်းကြောင့် ဗုံးဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု No More Dictatorship People Defence Force _NMD အမည်ရအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။
မန္တလေးတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၅၀ နီးပါး ဖမ်းဆီးခံရကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ပုဂ္ဂလိကပိုင် ဆေးခန်း၊ ကွန်ဒို၊ စတိုးဆိုင်နှင့် ကိုယ်ပိုင်ကျောင်းများလည်း ချိပ်ပိတ်ခံရသည်။
မန္တလေးအနီးတစ်ဝိုက် ၂ နာရီခရီးဖြင့် ရောက်နိုင်သည့် မတ္တရာ၊ စဉ့်ကူး၊ နောင်ချို၊ မုံရွာ၊ မြင်းခြံ ကဲ့သို့သော မြို့များတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ မန္တလေးခရိုင်အတွင်းရှိ PDF တပ်ရင်း ၄ ရင်း စုပေါင်းကာ မန္တလေးညီနောင်တပ်ပေါင်းစုများအဖြစ် ဖွဲ့စည်းလိုက်ပြီး မန္တလေးမြို့တွင် စစ်ရေးအရှိန် မြှင့်သွားမည်ဟု People Defence Force-Mandalay က စက်တင်ဘာ (၉) ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)