အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်ရေယာဉ်ပေါ် နှိပ်စက်ခံရသူများအမှု တရားလိုပြသက်သေများကို စတင်စစ်ဆေး

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာနေ အမျိုးသားငါးဦးကို စစ်တွေခရိုင်တရားရုံး၌ ဇူလိုင် ၂၉ တွင် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ တပ်မတော်အရာရှိများကို စတင်စစ်ဆေးခဲ့သည်။

တရားလိုပြ သက်သေကိုးဦးရှိသည့်အနက် ပုဏ္ဏားကျွန်းမြို့နယ် ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးငြိမ်းချမ်း အောင်၊ ဗိုလ်ကြီးကျော်ဇင်လတ်နှင့် တပ်ကြပ်ကြီးဇေယျာအောင် စတင်စစ်ဆေးခဲ့သည်ဟု စွပ်စွဲခံရသူရွာသားများ၏ရှေ့နေဖြစ်သူ ဦးကျော်ညွန့်မောင်က Myanmar Now ကို ပြောသည်။

“သူတို့က ကျောက်တန်းမှာသွားပြီး ဖမ်းတာလောက်ပဲ ထွက်ဆိုတာပါ။ သူတို့လုံခြုံရေးဆောင်ရွက်နေရင်း ရွာသား ၃၈ ယောက်ကို ဖမ်းသွားတဲ့ကိစ္စတွေကို ထွက်ဆိုတာ” ဟု ဦးကျော်ညွန့်မောင်က ပြောသည်။ 

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာမှ ကိုညီညီအောင်၊ ကိုမျိုးလင်းဦးနှင့် ကိုမောင်ချေ၊ ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်မှ ကိုမင်းစိုးနှင့် မြောက်ဦးမြို့နယ်  ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်းတို့ကို တပ်ရင်း ၅၅၀ မှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊  ၅၂ (က) ဖြင့် မေ ၂၂ ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါကျောက်ဆိပ်ကျေးရွာသားများကို စစ်ဆေးရန် ပုဏ္ဏားကျွန်းရဲစခန်းမှ စစ်တွေသို့ရေကြောင်းဖြင့် ခေါ်ဆောင်စဉ် တပ်မတော်သားအချို့က လက်ပြန်ကြိုးတုပ်လျက် မျက်နှာကိုအဝတ်စည်းကာ ထိုးကြိတ်ကန်ကျောက်ပြီး စစ်ဆေးမေးမြန်းနေသည့် ရုပ်သံဖိုင်သည် ပြီးခဲ့သည့်မေလအတွင်းက ပျံ့နှံ့ ခဲ့သည်။ 

ထိုရုပ်သံဖိုင် ပျံ့နှံ့ခဲ့ပြီးနောက် ဥပဒေမဲ့ထိုသို့ကျူးလွန်သူများမှာ  တပ်မတော်သားများဖြစ်ကြောင်းနှင့် “ဥပဒေနှင့် မလျော်ညီစွာ” စစ်မေးခဲ့သူများကို စစ်စည်းကမ်းဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။ 

တပ်မတော်စစ်ကြောင်းက စုစုပေါင်းကျောက်ဆိပ်ရွာသား ၃၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ကျန်ငါးဦးကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ ယမန်နေ့ ဇူလိုင် ၂၉ တွင် ကိုးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့်ရုံးထုတ်ကို ဩဂုတ် ၆ တွင် ချိန်းဆိုထားသည်။ အမှုသည် ခြောက်လအတွင်းပြီးစီးရန် ခန့်မှန်းထားသည်ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။ 

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) မှာ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေချမှတ်နိုင်ပြီး ပုဒ်မ ၅၂(က) အရ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button