အတွေးအမြင်

ပဋိပက္ခ၊ အာဏာရှင် ဘောဂအုတ်မြစ်နှင့် နိုင်ငံရေးထွက်ပေါက် (အပိုင်း ၁)

မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်နဲ့ ပဋိပက္ခ သက်ဆိုးရှည်ရခြင်းရဲ့ အကြောင်းရင်းခံက ဘာဖြစ်မလဲ။

အာဏာမသိမ်းမီကဆိုရင် ပြည်သူကို ဖိနှိပ်လို့၊ တန်းတူညီမျှမှုမရှိလို့၊ ပင်လုံကတိမတည် ဖယ်ဒရယ်စနစ် မထူထောင်နိုင်လို့၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး အကြမ်းဖက် အာဏာသိမ်းလို့ဆိုတာ အမြဲတစေ ကြားရပါတယ်။

စစ်တပ်က နိုင်ငံရေးကနေ မထွက်လို့၊ ဒီမိုကရေစီမရှိလို့၊ လူမျိုးဘာသာ တန်းတူညီမျှမှုမရှိလို့ စသဖြင့် ဆွေးနွေးချက်တွေဟာလည်း ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ ရင်းနှီးလွန်းတဲ့အတွက်ကြောင့်ကိုပဲ ကြားနေကြ၊ ဆွေးနွေးချက်တွေကို ကျော်ပြီး စဉ်းစားဖို့ သတိမေ့တတ်ကြပါတယ်။

အမှတ်သညာ (Identity) အခြေပြု ဆွေးနွေးချက်လို့ ဆိုနိုင်တဲ့ အပေါ်က အချက်တွေဟာ မမှားပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ဟာ မကြာခဏ ပျောက်ကွယ်နေတတ်ပါတယ်။ အဲဒါကတော့ အာဏာရှင်စနစ်ရဲ့ နိုင်ငံရေးဘောဂအုတ်မြစ်ဖြစ်ပါတယ်။ အဲဒီဘောဂအုတ်မြစ်ဟာ Wealth concentration (လူကုံထံ လူနည်းစုဆီမှာ စည်းစိမ်ဥစ္စာ စုပြုံမှု) ကို အခွင့်ပေးထားတယ်။ အများပြည်သူအတွက်တော့ ဆင်းရဲ-ချမ်းသာ ကွာခြားစေပြီး တိုင်းပြည်အတွက်ကတော့ ပဋိပက္ခ အဓွန့်ရှည်စေတယ်။

အာဏာရှင်စနစ်နဲ့ ပဋိပက္ခ သက်ဆိုးရှည်ခြင်းဟာ အမှတ်သညာပြဿနာကြောင့်လား၊ နိုင်ငံရေးဘောဂစနစ်ကြောင့်လား၊​ တခြားဘာကြောင့်လဲ။ ဘယ်တစ်ခု အမှန်လဲဆိုတာ ရွေးချယ်စရာမဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ နိုင်ငံရေးဘောဂအပိုင်းကို မီးမောင်းထိုးပြပြီး လူမျိုးဘာသာဖိနှိပ်မှုနဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတာ ဆွေးနွေးပါမယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီး နောက်တစ်နှစ်အကြာမှစ၍ စီးပွားရေးမြို့တော် ရန်ကုန်၌ပင် စားအုန်းဆီကို တန်းစီဝယ်ယူနေရသည်။ (ဓာတ်ပုံ – Myanmar Now)

စည်းစိမ်ဥစ္စာစုပြုံမှုနဲ့ ဆင်းရဲချမ်းသာ ကွာခြားချက် မြင့်မားလာမှု

မြန်မာနိုင်ငံမှာ စီးပွားရေး ဒေတာအချက်အလက်တွေ အမှန်မရှိတဲ့အတွက် စည်းစိမ်ဥစ္စာစုပြုံမှုနဲ့ ဆင်းရဲချမ်းသာကွာခြားနှုန်းကို ကိန်းဂဏန်းနဲ့ အတိအကျ တွက်ချက်ရခက်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေကို ဘက်ပေါင်းစုံမှာ တွေ့နိုင်တယ်။ ဥပမာ – အာဏာသိမ်းစစ်ခေါင်းဆောင် ဘုရားသစ်တည်ဖို့အတွက် ခရိုနီလုပ်ငန်းရှင်ကြီးတွေက သိန်းထောင်ပေါင်းများစွာ လှူဒါန်းခဲ့တယ်။ အဲဒီကာလမှာပဲ မြန်မာပြည်အနှံ့အပြား စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြည်သူ ၁၅.၂ သန်းကျော် ရှိနေတယ်။ နိုင်ငံတကာစံနှုန်းအရ ဆင်းရဲသားလို့ သတ်မှတ်တဲ့ လူဦးရေ ၂၅ သန်းရှိတယ်လို့လဲ အစီရင်ခံစာတွေက ထောက်ပြထားတယ်။

အဲဒီလိုပဲ တစ်တိုင်းပြည်လုံးမှာရှိတဲ့ မြေ၊ သယံဇာတ၊ စီးပွားရေးလုပ်ငန်းအများစုကို စစ်တပ်နဲ့ ခရိုနီတွေက သူတို့ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်ပစ္စည်းဥစ္စာလို မောင်ပိုင်စီးထားချိန်မှာ ရှိစုမဲ့စု နေအိမ်ကို ပစ်ပြီး စွန့်ခွာထွက်ပြေးရတဲ့ စစ်ရှောင်ဦးရေဟာလဲ ၂၀၂၃ အကုန်မှာ ၂.၇ သန်းထိ မြင့်တက်လာနိုင်ကြောင်း တွက်ချက်ကြတယ်။ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ သူတို့ပိုင် ဒေါ်လာသန်းပေါင်းများစွာကို နိုင်ငံတကာဘဏ်တွေဆီမှာ ဖြန့်ကြက်ထည့်နေကြတဲ့ချိန်မှာ ကျန်းမာရေးကုန်ကျစရိတ်မတတ်နိုင်လို့ အသက်ဆုံးရှုံးရတဲ့ ပြည်သူများစွာရှိနေတယ်။ 

အာဏာရှင်ရဲ့ ဘောဂ အင်အားအုတ်မြစ်

အာဏာရှိတဲ့လူနဲ့ ဓနရှိတဲ့လူတွေ အပိုင်စီးထားတဲ့ တိုင်းပြည်မှာ နိုင်ငံရေး/တော်လှန်ရေး လှုပ်ရှားမှုဟာ စစ်အစိုးရနဲ့ သူ့အပေါင်းပါ ခရိုနီတွေရဲ့ ဓနအင်အားအုတ်မြစ် (Material foundation) ဖြစ်တဲ့ နိုင်ငံရေးဘောဂကို ဘေးချထားတယ်လို့ သုံးသပ်ချင်ပါတယ်။

စီးပွားရေးလုပ်ငန်းအပိုင်းကို လုံးဝ လျစ်လျူရှုထားတယ်လို့ ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံရေးဘောဂစနစ်ဖွဲ့တည်မှုကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ (structural reform) ဆိုတာဟာ တော်လှန်ရေးအီကွေးရှင်းတွေမှာ ပျောက်သလောက်နီးပါးလို့ ဆိုလိုချင်တာပါ။ 

၂၀၁၈ က ပြုလုပ်သည့် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီ အခမ်းအနားတစ်ခု။ မြန်မာစစ်တပ်တွင် လုပ်ငန်းပေါင်းစုံ စီးပွားရေးအင်ပါယာကြီးရှိသည်။ (ဓာတ်ပုံ – စစ်ကောင်စီ)

ဒါကြောင့် နှစ်ကာလကြာရှည်လာတာနဲ့အမျှ အာဏာရှင်နိုင်ငံရေးဘောဂစနစ်ဟာ ပိုပီပြင်လာတယ်။ အာဏာရှိလေ ချမ်းသာလေ၊ အာဏာနဲ့ နီးလေ လုပ်ချင်ရာလုပ်လေ စနစ်မှာ အာဏာနောက်လိုက်တဲ့လူနဲ့ ဓနနောက်လိုက်တဲ့လူတွေဟာ အပြန်အလှန်အကျိုးပြု မဟာမိတ်လူတန်းစားဖြစ်လာတယ်။

ဒီလူတန်းစားဟာ စီးပွားရေးတရားမျှတမှုအတွက် ​တာဝန်ယူစရာမလို၊ အများပြည်သူ လူမှုဖူလုံချမ်းငြိမ်းမှုအတွက် ပြည်တွင်းကြွယ်ဝချမ်းသာမှုကို ပြန်လည်ခွဲဝေဖြန့်ဖြူးဖို့မလို၊ ထိခိုက်နစ်နာမှုအတွက် ပြန်လည်လျော်စားပေးစရာ ဝတ္တရားမရှိ။ ဒါကြောင့် ချမ်းသာကြွယ်ဝမှုဟာ တဖြည်းဖြည်းနဲ့ သူတို့ဆီမှာ စုဝေးလာတယ်။

ဒီမဟာမိတ်လူတန်းစားရဲ့ အာဏာ/စည်းစိမ် လောဘဇောတိုက်မှုကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးပြဿနာကို နှစ်ပေါင်း ၇၀ ကျော် ခံရတဲ့ ပြည်သူတွေမှာတော့ ဆင်းရဲသထက်ဆင်းရဲလာတယ်။ ဆင်းရဲချမ်းသာ ကွာခြားမှု ကြီးသထက်ကြီးလာတယ်။ လူမှုဖူလုံစောင့်ရှောက်တဲ့ စနစ်မရှိတဲ့အတွက် လူအများစုဟာ ဝင်ငွေနဲ့ ထွက်ငွေမမျှဘဲ သံသရာလည်နေကြတယ်။

ဒီကြားထဲ ကျန်းမာရေးကပ်၊ သဘာဝဘေးဒဏ်၊ စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိလာတဲ့အခါ စားဝတ်နေရေးနဲ့ လူမှုရေးပြဿနာတွေအပြင် နိုင်ငံရေးဒဏ် စစ်ဒဏ်တွေကို တစ်ပြိုင်တည်းခံကြရတယ်။ မတည်ငြိမ်တဲ့ ပစ္စုပ္ပန်နဲ့ မသေချာတဲ့ အနာဂတ်အတွက် ကိုယ်စီကိုယ်င ရုန်းကန်ကြရင်း ကွန်မြူနတီ (လူမှုအသိုင်းအဝိုင်း) တွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးဘာသာရေးအရ ပိုပြီး ထိလွယ်ရှလွယ်ဖြစ်လာတယ်။ 

တစ်နည်းပြန်ပြောရရင် မြန်မာပြည်ရဲ့ ပြဿနာအရင်းခံဟာ အုပ်ချုပ်သူ-ခရိုနီ မဟာမိတ်လူတန်းစားတစ်စု (ဗမာ/ဗုဒ္ဓဘာသာနဲ့ ရန်ကုန် နေပြည်တော် အခြေစိုက်အများစု) ရဲ့ တိုင်းပြည်အာဏာကို မောင်ပိုင်စီး၊ စီးပွားရေးတစ်ခုလုံးချုပ်ကိုင်ပြီး အကန့်အသတ်မဲ့ အမြတ်ထုတ်မှုကြောင့်ဖြစ်တယ်။

အာဏာနဲ့ သဘာဝသယံဇာတတွေကို အင်အားနဲ့ ရယူတယ်။ နီးစပ်ရာ မြို့ပေါ်တွေမှာသာမက မတူကွဲပြားတဲ့ လူမျိုးတွေရဲ့ ဒေသတွေအထိ ဖြန့်ကြက်ဖို့ ကြိုးစားတယ်။ ဒီနေရာမှာ မတူကွဲပြားတဲ့ ကွန်မြူနတီတွေကို နိုင်ငံရေးနဲ့ ဘေးဖ​ယ်၊ စစ်ရေးနဲ့ နှိပ်စက်ဖျက်ဆီး၊ စီးပွားရေးနဲ့ ခေါင်းပုံဖြတ်၊ လူမျိုးရေးနဲ့ လွှမ်းမိုးတယ်။

ဒီလိုနဲ့ တိုင်းပြည်ရဲ့ Micro-unit အစိတ်အပိုင်းတွေဖြစ်တဲ့ မတူကွဲပြားသော ကွန်မြူနတီတွေဟာ လူမှုစီးပွားရေးအရ ချွတ်ခြုံကျလာတယ်။ လူမျိုးဘာသာရေးအရ ထိလွယ်ရှလွယ်ဖြစ်လာတယ်။ နိုင်ငံရေးအရ ဘေးရောက်လာတယ်။ စစ်ရေးအရ ထိခိုက်ပျက်စီးဆုံးရှုံးမှု ခံစားရတယ်။ 

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ ၂၀၁၂ ခုနှစ်က ဖြစ်ပွားသည့် ပဋိပက္ခအပြီး ပျက်စီးသွားသည့် ရိုဟင်ဂျာနေအိမ်များ။ (ဓာတ်ပုံ – AFP)

လူမျိုးဘာသာမှိုင်း

အုပ်ချုပ်သူ-ခရိုနီ လူတန်းစား ထိန်းချုပ်ထားတဲ့ နိုင်ငံရေးအာဏာနဲ့ ဓနအင်အားကို ပြည်ထောင်စုကာကွယ်ရေး၊ အချုပ်အခြာအာဏာထိန်းသိမ်းရေးဆိုတဲ့ ဝါဒမှိုင်းတွေနဲ့ ဖုံးအုပ်ထားတယ်။ မတူကွဲပြားဒေသတွေမှာ နှိပ်ကွပ်တာကို နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံသား/လူမျိုးခြား (သွေးနှော) သတ်မှတ်မှု ဆိုတာတွေနဲ့ ဇဝေဇဝါဖြစ်အောင်လုပ်ထားတယ်။

တိုင်းရင်းသားလို့ သတ်မှတ်ခံရပေမဲ့ အခွင့်အရေး/အခွင့်အလမ်း ဘာမှမရတာကို အချိုသတ်ဖို့ ဘာသာခြားအစုအဖွဲ့နဲ့ ခွဲခြားပြီး ရန်တိုက်ထားပေးတယ် (ဥပမာ ရိုဟင်ဂျာလူမျိုးထက် သာတယ်၊ သူတို့လို အခြေအနေမဆိုးသေးဆိုတဲ့ ထင်ယောင်ထင်မှားကျေနပ်စေမှု)။

တကယ်တော့ ဗမာဗုဒ္ဓဘာသာအခြေပြု အမျိုးသားရေးဝါဒနဲ့ မှိုင်းတိုက်ပေမဲ့ ဗမာအများစုက အကျိုးအမြတ်ခံစားခွင့်မရရှိကြပါဘူး။ ကြွယ်ဝချမ်းသာမှုက အုပ်ချုပ်သူ-ခရိုနီ ဓနရှင်လူတန်းစားဆီမှာပဲ စုပြုံနေတယ်။ ပြည်မက ဗမာအများစုအပါအဝင် ပြည်သူအများစုဟာ ဆင်းရဲသား (သို့မဟုတ်) လက်လုပ်လက်စားလူတန်းစားများသာဖြစ်ကြတယ်။ မထင်မှတ်ထားတဲ့ ပြဿနာ (ဥပမာ သဘာဝဘေး၊ ကျမ်းမာရေးကပ်) နဲ့ ကြုံရင် ချက်ချင်းလက်ငင်း မိသားစုဘဝ ယိုင်လဲကြရတယ်။

အာဏာရှင်-ခရိုနီ လူတန်းစားဆိုရာမှာလဲ ဗမာချည်းမဟုတ်ပါဘူး။ စစ်တပ်နဲ့ ပူးပေါင်းစီးပွားရှာတဲ့ လူမျိုးဘာသာအစုအဖွဲ့တချို့က လက်နက်ကိုင်အဖွဲ့တချို့နဲ့ လုပ်ငန်းရှင်တွေလည်း ပါပါတယ်။ သူတို့တွေ ချမ်းသာသော်လည်း သူတို့ကွန်မြူနတီရဲ့ ပြည်သူအများစုဟာ ဆင်းရဲတာအပြင် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ လူမှုဖူလုံရေး စတဲ့ အခွင့်အလမ်းတွေ မရရှိကြပါဘူး။

နိုင်ငံရေးပြဿနာပေါ်ချိန်နဲ့ အမျိုးသားရေးမှိုင်းမိတဲ့အချိန်တွေမှာ မတူခြားနားအစုအဖွဲ့ အချင်းချင်းအပေါ် မယုံကြည်မှုနဲ့ သံသယတွေ ပိုတိုးလာတယ်။ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးဘာသာရေး ဘေးထွက်ဆိုးကျိုးတွေကို ခံစားကြရတယ်။ (ဗမာ/ဗုဒ္ဓဘာသာ မဟုတ်တဲ့ ကွန်မြူနတီတွေရဲ့ မဘသ – အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ကဲ့သို့သော ဆိုင်ရာဆိုင်ရာ အမျိုးသားရေးမှိုင်း၊ လူမျိုးစွဲဘာသာစွဲ၊ အစွန်းရောက်မှုတွေ ရှိလာတယ်။ မတူကွဲပြားတာကို အရှိအတိုင်း လက်မခံနိုင်တွေဟာလဲ လူမျိုးဘာသာပြဿနာအပေါ် အကျိုးသက်ရောက်စေတယ်ဆိုတာကို ဒီနေရာမှာ စကားချပ်အဖြစ် ပြောချင်ပါတယ်။)

တော်လှန်ရေးသမားများကို စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ၂၀၂၂ က တွေ့ရစဉ်။ အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်နေကြဆဲ ဖြစ်သည်။ (ဓာတ်ပုံ – Myanmar Now)

အာဏာရှင် ဘောဂအုတ်မြစ်ကို ကျော်သွားခြင်း

တော်လှန်ရေး/နိုင်ငံရေးအင်အားစုတွေက ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရာမှာ စီးပွားရေး တရားမျှတမှုနဲ့ လူမှုဖူလုံချမ်းငြိမ်းမှုကို တည်ထားတဲ့ script (ချဉ်းကပ်မှု) ပါလေ့ပါထ မရှိတဲ့အတွက် အမှတ်သညာအခြေပြု political script (နိုင်ငံရေးချဉ်းကပ်မှု) တွေဟာ အာဏာရှင်ရဲ့အုတ်မြစ်ဖြစ်တဲ့ ဘောဂစနစ်ကို လွတ်သွားတယ်။ ဒါတင်မက ကြိုတင်မစဉ်းစားထားတဲ့ (သို့မဟုတ်) ချက်ချင်းမမြင်သာတဲ့ နားလည်လွဲမှားမှုနဲ့ သံသယတွေ တိုးပွားလာတယ်။

အမှတ်မမှားဖို့ ရှင်းလင်းချင်တာက အမှတ်သညာက အရေးမကြီးဘူးလို့ ဆိုလိုတာမဟုတ်ပါ၊ အမှတ်သညာချဉ်းကပ်မှု မှားတယ် (သို့မဟုတ်) ပြဿနာ ပိုဖြစ်စေတယ်လို့ ဆိုလိုတာမဟုတ်ပါ။ မြန်မာပြည်လို လူမျိုး၊ ဘာသာ၊ စကား၊ ယဉ်ကျေးမှု မတူတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံမှာ အမှတ်သညာကိစ္စနဲ့ လူမျိုး-ဘာသာ-ကျားမ-ယဉ်ကျေးမှု တန်းတူရေးက လျစ်လျူရှုလို့မရပါဘူး။

သို့သော် အမှတ်သညာချဉ်းကပ်မှုမှာ နိုင်ငံရေးဘောဂ (အထူးအဖြင့် စီးပွားရေးတရားမျှတမှုနဲ့ လူမှုဖူလုံချမ်းငြိမ်းရေးဆိုင်ရာ ပြန်လည်ဝေမျှရေး) မပါတဲ့အတွက် တန်းတူရေးဆွေးနွေးချက်တွေဟာ လူအားလုံးအတွက် ဘာကြောင့်အရေးကြီးတယ်ဆိုတာ မပေါ်လွင်တော့တဲ့အပြင်၊ စကားအရာရဲ့ အကန့်အသတ်ကြောင့် (linguistic limitation) မရည်ရွယ်တဲ့ (သို့မဟုတ်) ကြိုတင်မတွက်ထားတဲ့ နားလည်လွဲမှုဖြစ်သွားစေတယ်လို့ ဆိုလိုခြင်းဖြစ်တယ်။

အဲဒါအပြင် နိုင်ငံရေးအပိုင်း (အာဏာခွဲဝေရေး၊ အုပ်ချုပ်ရေးစနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲ စသဖြင့်) ကို ဦးတည်ပြီး ဘောဂအပိုင်းကို လျစ်လျူရှုထားကြတဲ့အတွက်

(က) အာဏာရှင်စနစ်ရဲ့ Material foundation အုတ်မြစ်ဖြစ်တဲ့ စီးပွားရေးစနစ်/mechanism (ယန္တရား)/ကုန်ထုတ် ရောင်းဝယ်မှုဆိုင်ရာ ချိတ်ဆက်နွှယ်မှုတွေကို အရင်းကနေ တော်လှန်ပြောင်းလဲနိုင်ခြင်းမရှိ၊

(ခ) အာဏာရှင်စနစ်ရဲ့ Material foundation ကို ဖော်ထုတ်ရှင်းပြ (articulate) နိုင်ခြင်းမရှိတဲ့အတွက် စနစ်ရဲ့ ဒဏ်ကို ခံရသူတွေအားလုံးပါဝင်တဲ့ ရေရှည်မဟာမိတ်စုဖွဲ့မှု တည်ဆောက်နိုင်ခြင်းမရှိ၊

(ဂ) နိုင်ငံရေးအပိုင်း (အာဏာအရေးနဲ့ အရင်းအမြစ်ခွဲဝေရေး) ကို ပဓာန ဦးတည်တဲ့တော်လှန်ရေးမှာ အမှတ်သညာအခြေပြုမဟာမိတ်ဟာ ရေတိုအကျိုးစီးပွားပေါ်မှာ အခြေခံပြီး ရေရှည်မဟာမိတ်ပူးပေါင်းဆောင်ရွက်ရေးတွေ အောင်မြင်မှုမရှိ၊

(ဃ) ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ရေး ဘယ်လိုပဲ ဆိုနေပါစေ၊ ဦးတည်ချက် (အနည်းဆုံးတော့ narrative) က အာဏာခွဲဝေရေးနဲ့ အရင်းအမြစ်/အခွန် ခွဲဝေရေးဖြစ်တဲ့အတွက် ခေါင်းဆောင်တချို့/အဖွဲ့တချို့ဟာ လမ်းခုလတ်မှာ အချိုသတ်တာ လက်ခံခဲ့ကြသလို၊ ဖိနှိပ်သူနဲ့ အာဏာ/အရင်းအမြစ်ခွဲဝေရေး အဆင်ပြေနေချိန် (တစ်နည်း ဝေစားမျှစား အဆင်ပြေနေချိန်) မှာ ပြည်သူတွေကို လျစ်လျူရှုကြတယ်။ ဒါတင်မကဘဲ အာဏာရှင်ကြီးရဲ့ ဒေသခံဒေါက်တိုင်တွေလိုနေပြီး ပြည်သူကို ကုပ်သွေးစုပ်တယ်။

ဒါကြောင့် နိုင်ငံရေး scripts (ချည်းကပ်မှု)တွေဟာ အာဏာနိုင်ငံရေးဖြစ်လာပြီး ပြည်သူတွေရဲ့ စီးပွားရေးတရားမျှတမှု၊ ဖူလုံချမ်းငြိမ်းမှုရည်မှန်းချက်တွေနဲ့ အလှမ်းဝေးလာတယ်။ ဆိုလိုချင်တာက ပြည်သူလူထုဆိုတဲ့ စကားကို တွင်တွင်ပြောနေကြပေမဲ့ နိုင်ငံရေးအာဏာခွဲဝေရေး အောင်မြင်မှ နောက်ဆက်တွဲ ရလဒ်အနေနဲ့ ပြည်သူလူထုဖူလုံချမ်းငြိမ်းမယ်လို့ စဉ်းစားကြတဲ့အတွက် အာဏာခွဲဝေနိုင်ငံရေးက ပထမ၊ လူထုရဲ့ ရေရှည်လူမှုဖူလုံချမ်းငြိမ်းရေးနဲ့ လုံခြုံရေးက ဒုတိယဖြစ်သွားတယ်။ လူထုရဲ့တာဝန်ကို ယူဖို့ထက် အာဏာရပိုင်ခွင့်ဟာ ပထမ (ဦးစားပေး) ဖြစ်လာတယ်။

ဒီနေရာမှာ ရှင်းလင်းချင်စရာရှိပါတယ်။ နိုင်ငံရေးမှာ အာဏာဟာ အရေးကြီးတယ်။ အာဏာအကြောင်းမပြောဘဲ တန်းတူညီမျှမှုတွေ ဒီမိုကရေစီတွေ ပြောလို့မရပါဘူး။ သို့သော် ဒီဆောင်းပါးမှာ ထောက်ပြချင်တဲ့အချက်က ခေတ်အဆက်ဆက်နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အီလစ်တွေအကြား၊ အစိုးရတစ်ဆင့်နဲ့ တစ်ဆင့်အကြား အာဏာခွဲဝေရေးအပါအဝင် နိုင်ငံရေးစနစ်ကို ဦးစားပေးရင်း အာဏာရှင်ရဲ့ Material foundation ဘောဂစနစ်ကို တော်လှန်ရေးအီကွေးရှင်းမှာ ထည့်ဖို့ အာရုံနည်းသွားတယ်။

စစ်ကောင်စီရန်ကြောင့် လယ်ယာအိုးအိမ် စွန့်ခွာထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းမှ ဒေသခံများကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

စီးပွားရေးလုပ်ငန်း/ပရောဂျက်တွေကို သွားတိုက်ခိုက်ဖျက်ဆီးတာကို ဆိုလိုတာမဟုတ်ပါ။ အာဏာရှင်စနစ် အဆုံးသတ်စေချင်ရင် အာဏာရှင်တွေကို ကျားကန်ပေးထားတဲ့ ဘောဂစနစ်ဖွဲ့တည်မှုကိုလည်း တစ်ပါတည်း အခြေခံကနေ ပြောင်းလဲဖို့လိုတယ်။ ဒါပေမဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေးတွက်ချက်မှုတွေမှာ ဘောဂစနစ်ပြောင်းလဲရေး ပါမနေဘူးဆိုတာကို ထောက်ပြချင်တာပါ။

အနာဂတ်နိုင်ငံရေးစနစ်စဉ​်းစားချက်တွေမှာလဲ အစိုးရအဆင့်ဆင့်ကြား အာဏာခွဲဝေရေး၊ အုပ်ချုပ်ရေးအလွှာအသီးသီး လုပ်ပိုင်ခွင့်အာဏာ စတာတွေဖြစ်တဲ့အတွက် တရားမျှတရေးဆိုတဲ့ စကားလုံးအချိုလွှာ ဖုံးထားပါတ​ယ်။

ဒါပေမဲ့ ပြည်သူ့ဖူလုံချမ်းငြိမ်းရေးအတွက် တာဝန်ဝတ္တရားယူတဲ့ နိုင်ငံရေးထက် အာဏာရပိုင်ခွင့် (သို့မဟုတ်) အုပ်ချုပ်ခွင့်ကို မျှော်ကိုးတဲ့ နိုင်ငံရေးကို တွန်းအားပေးကြတယ်။ ဒါကြောင့် လမ်းခုလတ်မှာ ရသလောက်အာဏာနဲ့ အချိုသတ်ခံရတာ မဆန်းသလို ပြည်သူချမ်းငြိမ်းဖူလုံမှုအတွက် သဘောထားကွဲကြတာမဟုတ်ဘဲ အာဏာခွဲဝေမှု အဆင်မပြေလို့ နိုင်ငံရေးပြဿနာတက်တာလဲ အစဉ်အလာလိုပါပဲ။

ပြန်ချုပ်ရရင်၊ မြန်မာနွေဦးမှာ နိုင်ငံရေးထွက်ပေါက်နဲ့ အနာဂတ်စနစ်ကို အဖြေရှာမယ်ဆိုရင်

(က) အာဏာရှင်စနစ်က ထူထောင်ထားတဲ့ ဘောဂစနစ်ကို အခြေခံကနေ တစ်ပါတည်း တော်လှန် ပြောင်းလဲရပါမယ်။ အထူးသဖြင့် စည်းစိမ်ဥစ္စာစုပြုံမှုနဲ့ ဆင်းရဲ-ချမ်းသာကွာဟမှုပြဿနာ၊ အများပြည်သူရဲ့ လူမှုဖူလုံချမ်းငြိမ်းရေး၊ စီးပွားရေးတရားမျှတရေးနဲ့ အကျိုးအမြတ်ပြန်လည်မျှဝေရေးဆိုတဲ့ ရည်မှန်းချက်ကို ဗဟိုပြုရပါမယ်။

(ခ) အနာဂတ်နိုင်ငံတော်စနစ်ကို ဆွေးနွေးကြရာမှာ အာဏာခွဲဝေရေး၊ အရင်းအမြစ်ခွဲဝေရေး စတာတွေဟာလဲ အနာဂတ်အုပ်ချုပ်သူလူတန်းစားရဲ့ အုပ်ချုပ်ခွင့်အခွင့်အလမ်းအခြေခံကနေ ချဉ်းကပ်တာထက် သူ့ဒေသ သူ့အစိုးရရဲ့ လူမှုဖူလုံချမ်းငြိမ်းရေးအတွက် တာဝန်ယူရတဲ့ အခြေခံကနေ ချဉ်းကပ်ရပါမယ်။

(ဂ) အမှတ်သညာအခြေပြုနိုင်ငံရေးနဲ့ နိုင်ငံရေးဘောဂပြုပြင်ရေး တစ်ပါတည်း ချဉ်းကပ်ရပါမယ်။

ပဋိပက္ခ၊ အာဏာရှင်ဘောဂအုတ်မြစ်နဲ့ နိုင်ငံရေးထွက်ပေါက်အကြောင်းတွေကို အကျယ်တဝင့် ဆက်လက်ဆွေးနွေးသွားပါဦးမယ်။

(ဒေါက်တာ စိုင်းလတ်သည် ကနေဒါနိုင်ငံ York University မှ နိုင်ငံတကာဖွံ့ဖြိုးရေးနှင့် အာရှလာလေ့လာရေးဘွဲ့များရရှိသူဖြစ်သည်။ မဲခေါင်ဒေသတွင် ဖွံ့ဖြိုးရေးနှင့် ပဋိပက္ခဆက်နွှယ်မှု သုတေသနအကြောင်းအရာဖြင့် Simon Fraser University မှ PhD ဘွဲ့ ရရှိထားသူဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး Myanmar Now ၏ မူဝါဒသဘောထားများနှင့် သက်ဆိုင်ခြင်းမရှိပါ။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button