သတင်း

ပရဟိတလုပ်နေသည့် မန္တလေးသူတစ်ဦးကို စစ်ကောင်စီ ပြန်ဖမ်း

စစ်တပ်အာဏာသိမ်းစဉ် ကန့်ကွက် ဆန္ဒပြရာမှ အဖမ်းခံရဖူးသူ မန္တလေးမြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မအေးအေးအောင်ကို စစ်ကောင်စီက ဩဂုတ်လ ၂၃ ရက်နေ့တွင် ထပ်မံဖမ်းဆီးသွားသည်ဟု သိရသည်။

စစ်ကောင်စီဘက်တော်သားတစ်ဦးက ချမ်းအေးသာစံမြို့နယ်နေ အသက် ၃၅ နှစ် ဝန်းကျင်အရွယ် မအေးအေးအောင်ကို မန္တလေး ချမ်းအေးသာစံမြို့နယ် ၂၂ လမ်း ၈၉ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လက်ဖက်ရည်ဆိုင် သွားခါနီးမှာ သူငယ်ချင်းတွေကို အသိပေးသွားသေးတယ်။ ဆိုင်ထဲမှာ ဝင်ဝင်ချင်း ဖမ်းခံလိုက်ရတာ” ဟု အထက်ပါ မန္တလေးမြို့ခံက ပြောသည်။

မအေးအေးအောင်သည် မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းတွင်ပင် ရှိနေဦးမည်ဟု ယူဆရသည်၊ စစ်ကောင်စီတပ်သားတို့က ၎င်း၏ တယ်လီဖုန်းနှင့် Facebook အကောင့်ကို သုံးကာ မိတ်ဆွေများထံ အယောင်ဆောင် ဆက်သွယ်ရုံသာမက အွန်လိုင်းတွင်လည်း မှတ်ချက်ရေးနေကြသည်ဟု ရင်းနှီးသူများက ဆိုကြသည်။

NLD ပါတီကို ၂၀၁၅ ခုနှစ်မှ စတင် ဝင်ရောက်ခဲ့သူ မအေးအေးအောင်သည် ပရဟိတအလုပ် လုပ်ကိုင်ရန် စိတ်အားထက်သန်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

သူသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ၂ လကျော်အကြာတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

ထောင်မှ ထွက်လာပြီးသည့်နောက် မန္တလေးမြို့ရှိ “ပရဟိတမင်းခေါင်” လူမှုကယ်ဆယ်ရေးအဖွဲ့တွင် လုပ်ကိုင်သည်၊ နိုင်ငံရေးလှုပ်ရှားမှုများမှ အနားယူခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။

“သူ ထောင်က ထွက်လာတဲ့နောက် အေးအေးဆေးဆေးပဲ နေတယ်။ ပရဟိတတွေ လုပ်တယ်။ ဒါကို ထပ်ဖမ်းခံရတာက အတော်စိတ်မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီဝါဒဖြန့်စာမျက်နှာတွင် ရေးသားသူတို့က မတရားစွပ်စွဲမှုဖြစ်နိုင်ကြောင်း မိသားစုနီးစပ်သူ အမျိုးသားက ဆက်ပြောသည်။

“ခုက ဟန်ငြိမ်းဦး၊ ကျော်စွာတို့က တင်ရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဖမ်းနေတာလေ။ မုန်းလို့ ချောက်ချတာပဲဖြစ်ဖြစ်၊ အတင်ခံလိုက်ရရင် ဖမ်းနေတော့ ပြည်သူတွေက အများကြီး နစ်နာတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးသည့်နေ့ နံနက်ပိုင်းက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် NLD ပါတီဝင်အမာခံ မအေးအေးအောင်သည် NLD အစိုးရအဖွဲ့ဝင်အချို့၏ မိသားစုဝင်များနှင့် အဆက်အစပ်ရှိနိုင်ကြောင်း၊ PDF များနှင့်လည်း အဆက်အသွယ်ရှိနိုင်၍ ကူညီထောက်ပံ့မှုများ လုပ်ဆောင်နိုင်ကြောင်း၊ ယင်းကြောင့် ဖမ်းဆီးစစ်ဆေးသင့်ကြောင်း ရေးသားထားကြသည်။

စစ်ကောင်စီသည် ယခု (ဩဂုတ်လ) အတွင်း ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆသည့် မန္တလေးမှ ဆရာဝန်၊ ရဟန်း၊ ကျောင်းဆရာ၊ ဆရာမများ အပါအဝင် လူ ၃၀ နီးပါးကို ဖမ်းဆီးခဲ့သည်။

ထိုအထဲတွင် အသက် (၇၀) အရွယ် အငြိမ်းစားမျက်စိအထူးကုဆရာဝန်ကြီးတစ်ဦးနှင့် စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးကြီးတစ်ဦးတို့ ပါဝင်သည်။ ၎င်းတို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ထောက်ပံ့သည်ဆိုကာ ကာလပေါက်ဈေး သိန်းသောင်းချီတန်ကြေးရှိ နေအိမ်နှင့် ဆိုင်ခန်း၊ ဆေးခန်း၊ ကွန်ဒိုတို့ကိုပါ ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။

ထို့ပြင် မန္တလေး ၃၅ မိန်းမလမ်းကြီးအနီးရှိ နာမည်ကျော် ”Golden Gate Private School” ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ကျောင်းဆရာနှင့် ကျောင်းစီမံသူ ဆရာမတို့ကို ဖမ်းဆီးအပြီး ကျောင်းကိုလည်း ချိတ်ပိတ်ခဲ့သည်။

အာဏာဖီဆန်ထားသူ ဆရာဝန်နှစ်ဦးကို လက်ခံထားရှိသည်ဆိုကာ မန္တလေးမြို့မှ အဆင့်မြင့် ”မင်္ဂလာ”ပုဂ္ဂလိက ဆေးရုံတစ်ခုကိုလည်း ယာယီပိတ်သိမ်းခိုင်းစေခဲ့ရာ ဝန်ထမ်းရာနှင့်ချီကာ အလုပ်လက်မဲ့ဖြစ်သွားကာ လူနာများလည်း အခက်အခဲများစွာ ဖြစ်ပေါ်နေရကြောင်း မြို့ခံများက ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button