သတင်း

ကော်သူးလေပြည်နယ် KNU ထူထောင်မည်

အာဏာသိမ်းစစ်တပ်ကို ဖယ်ရှားပြီး ကော်သူးလေပြည်နယ် ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (သြဂုတ် ၁၀​ တွင်) ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီဟု ဆိုခဲ့သည့် KNU က ၎င်းတို့၏ နိုင်ငံရေးအိမ်မက်ဖြစ်သည့် ကော်သူးလေပြည်နယ်အကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီးနောက်မှာ ဖြစ်နိုင်ခြေရှိတဲ့ အာဏာလေဟာနယ်တွေအတွက် ပြင်ဆင်တဲ့ မဟာဗျူဟာအနေနဲ့ KNU က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်တစ်ခုကို ပီပီပြင်ပြင် ပေါ်ထွန်းအောင် ကြိုးစားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်၏ ပထမရက် ၁၀၀ ကာလ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောလိုက်သည်။

KNU ခေါင်းဆောင်များဖြစ်သည့် ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး – ဝဲမှယာ

အတိတ်က ရှိခဲ့ဖူးသည့် ကော်သူးလေပြည်နယ်

“ကော်သူးလေပြည်နယ်” ဟူသည့် အခေါ်အဝေါ်ကို ၁၉၆၄ မှ ၁၉၇၄ ကြားကာလတွင် တရားဝင် သုံးစွဲခဲ့သည်။

သမိုင်းကြောင်းအရ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးနောက် ကရင်အမျိုးသားများ နေထိုင်သည့် သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသများကို “ကရင်ပြည်နယ်” ဟု ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၀)၊ ပုဒ်မခွဲ (၁) အရ သတ်မှတ်ခဲ့သည်။

ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ၁၉၆၄ တွင် “ကရင်ပြည်နယ်” ဟု ၁၇ နှစ်ခန့်ကြာ သတ်မှတ်ထားရာမှ “ကော်သူးလေပြည်နယ်” အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

၁၉၇၄ တွင် “ကော်သူးလေပြည်နယ်” အမည်မှ “ကရင်ပြည်နယ်” အမည်သို့  ပြန်ပြောင်းသတ်မှတ်ခဲ့သည်။ ယင်းအပြောင်းအလဲသည် ၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မ ၃၀ (က) အရ သတ်မှတ်ခြင်း ဖြစ်သည်။

စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း “ကရင်ပြည်နယ်” ဆိုသည့် အမည်ကို ဆက်လက်သုံးစွဲထားသည်။

“ကော်သူးလေပြည်နယ်” သို့မဟုတ် “ကရင်ပြည်နယ်” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေအဆက်ဆက်က သုံးစွဲခဲ့သော်လည်း အုပ်ချုပ်ရေး အပါအဝင် စီမံခန့်ခွဲမှုအားလုံးနီးပါးသည် ရန်ကုန်နှင့် နေပြည်တော်အခြေစိုက် ပြည်ထောင်စုအစိုးရများ၏ ဗဟိုချုပ်ကိုင်မှုအောက်တွင်သာ ရှိခဲ့ကြသည်။

၁၉၆၄ မှ ၁၉၇၄ ကြားကာလတွင် ၁၀ နှစ်ကြာ သတ်မှတ်ထားသည့် “ကော်သူးလေပြည်နယ်” ဆိုသည့် အမည်ကို “ကရင်ပြည်နယ်” ဟု ၁၉၇၄ ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေက ပြောင်းလဲသတ်မှတ်ခဲ့သည်။

KNU မျှော်မှန်းသည့် ကော်သူးလေ

KNU က ကြိုးစားမည့် ကော်သူးလေပြည်နယ် သို့မဟုတ် ယူနစ်သည် တရားမျှတရေး၊ တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့ကို အခြေခံကြောင်း KNU အထွေထွေအတွင်းရေးမှူးက ပြောသည်။

KNU အနေဖြင့် ကော်သူးလေပြည်နယ် တည်ထောင်ရန် ကြိုးပမ်းခြင်းမှာ ပင်ကိုရှိပြီးသား နယ်နိမိတ်ကို တိုးချဲ့ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုမှ ချဉ်းကပ်ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒါက ကျွန်တော်တို့ ရဲ့ ဦးစားပေး ဖြစ်ပြီးတော့ Territory (နယ်နိမိတ်) ဆိုတာက ကျွန်တော်တို့ တောက်လျှောက်နေခဲ့တဲ့၊ ကျွန်တော်တို့ ဧရိယာမှာပဲ ရှိခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ လူထုနဲ့အတူ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်ဆိုတာ ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာပြည်တစ်ဝန်းလုံးရှိ တိုင်းရင်းသားဒေသများတွင် ဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေး ကြိုးပမ်းမှုများကို KNU က ကြိုဆိုပြီး ပြည်တွင်းနှင့် နိုင်ငံတကာရှိ နိုင်ငံ​ရေးရေချိန်အပေါ် မူတည်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ လက်တွေ့ကျသည့် နိုင်ငံရေး အဖြေရှာပြီး တစ်ဆင့်ချင်း ဆောင်ရွက်သွားမည်ဟု ပဒိုစောတာတိုမှူးက ဆက်ပြောသည်။

“ဒါကြောင့် ကရင်နီ၊ ချင်းနဲ့ အခြား မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ဖက်ဒရယ်ယူနစ် ပေါ်ထွန်းရေး ကြိုးပမ်းမှုတွေကို KNU က ကြိုဆိုပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ ပြည်သူအများ အဖွဲအစည်းများအားလုံးနဲ့ ကြိမ်ဖန်များစွာ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်မှုတွေ လုပ်သွားမှာ ဖြစ်သလို ဖက်ဒရယ်ဒီမိုကရေပဋိညာဉ်နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

KNU သည် မြန်မာပြည်အလယ်ပိုင်း ပဲခူးတိုင်းမှ စတင်ပြီး မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းအထိ တပ်မဟာ ၇ ခုဖြင့် အခြေပြုလှုပ်ရှားသည့် မြန်မာပြည်၏ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

KNU ၏ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီနှင့် နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေသည်။

KNU လှုပ်ရှားနယ်မြေတွင် ၂၀၂၃ ခုနှစ် ပထမ ခြောက်လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၂၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၆၀၀ ကျော် သေဆုံးကာ KNU ဘက်က ၇၀ ကျော် သေဆုံးကြောင်း ဇူလိုင် ၉ ရက်နေ့ ရက်စွဲဖြင့် KNU က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ကြိတ်စခန်းကို သိမ်းဆည်းပြီးနောက် တော်လှန်ရေးအဖွဲ့များ အောင်ပွဲခံနေစဉ်။ ဓာတ်ပုံ – KNU

KNLA-PDF ပူးပေါင်းအဖွဲ့သည် အာဏာသိမ်းစစ်တပ် ရုံးစိုက်ရာ နေပြည်တော်နှင့် နိုင်ငံ၏ အဓိကစီးပွားရေးမြို့တော် ရန်ကုန်တို့တွင်လည်း စစ်ဆင်ရေးများလုပ်နိုင်ရန် ပြင်ဆင်နေကြသည်။

KNLA ဗဟို ဦးစီးမှူး ဗိုလ်မှူးချုပ် စောတာမလာသောက KNU နယ်မြေသည် စစ်ရေးအရ အရေးပါသည့် နယ်မြေဖြစ်ပြီး မြောက်ပိုင်းတွင်း ကရင်နီနယ်စပ်ဖြစ်သည့် ပျဉ်းမနား၊ လိပ်သိုမှ တောင်ပိုင်းတွင် တနင်္သာရီတိုင်း ကော့သောင်း၊ ဘုတ်ပြင်းအထိ ကျယ်ဝန်းပြီး တပ်အရွှေ့အပြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ပြောသည်။

“KNU ရဲ့ နယ်မြေဒေသ မြောက်ဘက်မှာ ဆိုရင်တော့ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို စစ်ရေးဆင်နိုင်သလို တောင်ဘက်မှာဆိုလည်း ရေး-ထားဝယ် ကားလမ်းဘက်မှာလည်း စစ်ဆင်ရေးတွေ လုပ်နိုင်ပါတယ်။ အဲ့ဒီအပြင် တပ်မဟာ ၁ ဘက်မှာလည်း သထုံ-ဘီလင်း-ကျိုက်ထို ဒီကားလမ်းမကြီးမှာ စစ်ဆင်ရေးလုပ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် KNU က နယ်မြေ ပိုမိုထိန်းချုပ်လာနိုင်ပြီး စစ်ကောင်စီက ခံစစ်အနေအထားဖြင့်သာ ရင်ဆိုင်နေရကြောင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် အနီးဆုံးတွင် ရှိသည့် ပဲခူးရိုးမစစ်ဆင်ရေးကိုလည်း KNU က အဓိက ပံ့ပိုးပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်ကောင်စီအနေအထားက သေနင်္ဂဗျူဟာအရ ခံစစ်အနေအထားရောက်ပြီလို့ ပြောလို့ရပါတယ်။ နည်းပရိယာယ်အရတော့ ထိုးစစ်ကို မလုပ်နိုင်ဘဲနဲ့ အဲ့ဒီအစား လက်နက်ကြီးနဲ့ လေယာဉ်ကိုပဲ တစ်လျှောက်လုံး အသုံးပြုနေရပါတယ်” ဟု ၎င်းက ပြောသည်။

KNLA-PDF ပူးပေါင်းတပ်များ အဓိက ထိုးစစ်ဆင်နေသည့် မြန်မာပြည်အောက်ပိုင်းဒေသများတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ အဓိကပါဝင်ပြီး စစ်ရေးအတွေ့အကြုံ ရှိလာသည်နှင့်အမျှ သူတို့၏ ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာသည်။

မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းတွင် လှုပ်ရှားနေသည့် KNLA+PDF ပူးပေါင်းတပ်ဖွဲ့ကို ၂၀၂၃ ဇွန်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF)

ပူးပေါင်းတပ်များသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတို့ကို အဓိက ချိတ်ဆက်ထားသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နေ့စဉ်နီးပါး ပိတ်ဆို့စစ်ဆေးနေပြီး သူတို့၏ နယ်မြေစိုးမိုးမှုက မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်မှသည် တနင်္သာရီတိုင်း၏ ဝင်ပေါက်ဖြစ်သည့် မလွှဲတောင်အထိ ရှိလာသည်။

ထိုဒေသများတွင် စစ်တပ်နှင့် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် မွန်ပြည်သစ်ပါတီ ဩဇာသက်ရောက်သည့် ဒေသများလည်း ပါဝင်ပြီး KNLA-PDF ပူးပေါင်းတပ်ဖွဲ့များ အားကောင်းလာခြင်းသည် မွန်ပြည်သစ်အတွက် ခေါင်းခဲစေမည့် အခြေအနေဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button