သတင်း

ရေစကြို PDF ၁၁ ဦး ရာဇဝတ်မှုစွဲချက်များနှင့် ဖမ်းဆီး၊ လက်နက်ဖြုတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံအဖွဲ့များက ကလေးနှစ်ဦးနှင့် မိခင်ဖြစ်သူကို ပြန်ပေးဆွဲခဲ့သည့် တော်လှန်ရေးအဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးပြီး လက်နက်ဖြုတ်သိမ်းလိုက်သည်။

လက်နက်ဖြုတ်ခံရသည့် အဖွဲ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင် အမှတ် (၅) တပ်ရင်းဖြစ်ပြီး ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် အခြေစိုက်ထားသည်။ ထိုအဖွဲ့ကို MG 6 ပြောက်ကျားတပ်ဖွဲ့ဟုလည်း ခေါ်ကြသည်။

ဩဂုတ် ၃ ညပိုင်းတွင် MG 6 ပြောက်ကျားတပ်က ချင်းတွင်းမြစ်ကမ်းနဖူးပေါ်ရှိ ဝါးဘိုးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရွာတာဝန်ခံ၏ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အလိုရှိသူကို မတွေ့သဖြင့် ၎င်း၏ ဇနီး၊ ၆ နှစ်နှင့် ၁၃ နှစ်အရွယ် ကလေးနှစ်ဦးတို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။

နောက်တစ်နေ့ နံနက်တွင် ဒေသခံကာကွယ်ရေးအဖွဲ့ ၂၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းထားသော ရေလယ်ကျွန်းတပ်ပေါင်းစုက MG 6 ပြောက်ကျားတပ်စခန်းသို့ သွားရောက်ပြီး ဖမ်းထားသူ ၃ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ပြန်လွှတ်ပေးရန် ငြင်းဆန်သဖြင့် မိနစ် ၃၀ နီးပါး အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။

ရေလယ်ကျွန်းအလယ်ကောင် ကန်ဦးရွာအနီး ဖြစ်ပွားသော အဆိုပါပစ်ခတ်မှုတွင် MG 6 အဖွဲ့ခေါင်းဆောင် အသက် ၂၇ နှစ်အရွယ် မောင်ချမ်းဆိုသူ တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။

၎င်း၏ အဖွဲ့ဝင် ၁၁ ဦးကိုလည်း ထိုနေ့မှာပင် ဖမ်းဆီး၍ လက်နက်ဖြုတ်သိမ်းခဲ့ကြောင်း ရေစကြိုပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။

“ကျန်ခဲ့တဲ့ ရဲဘော်တွေကို လက်နက်ချဖို့ မေတ္တာရပ်ခံလိုက်တာ။ ကျွန်တော်တို့ ပကဖကနေ ထိန်းသိမ်းပြီးတော့ စစ်ဆေးနေတာ။ မနေ့ကတော့ မြင်းခြံပကဖကို ပြန်လွှဲပေးပြီ။ ရဲဘော်တွေရော၊ လက်နက်တွေရော၊ အထောက်အထားတွေရော” ဟု ၎င်းက ပြောသည်။

MG 6 အဖွဲ့ဝင် ၁၁ ဦး၊ သေနတ် ၁၂ လက်တို့ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံခရိုင်ပကဖထံ အပ်နှံလိုက်သည်ဟု သူက ဆိုသည်။

လက်နက်များမှာ မောင်းပြန်ရိုင်ဖယ် ၇ လက်၊ ၆၀ မမ ပြောင်းတစ်လက်၊ ပြည်တွင်းထုတ် Vector ဆီမီးအော်တိုအမျိုးအစား သေနတ် ၄ လက်တို့ ဖြစ်သည်။

စစ်ဆေးတွေ့ရှိချက်များ

မြင်းခြံခရိုင်ပကဖထံ မလွှဲပြောင်းရသေးမီ MG 6 အဖွဲ့ဝင်များကို နှစ်ရက်နီးပါး ထိန်းသိမ်းထားစဉ် စစ်ဆေးမေးမြန်းရာ ရေလယ်ကျွန်းဒေသအတွင်း ပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရေစကြိုပကဖခေါင်းဆောင်က ဆက်ပြောသည်။

“သူတို့ ကျူးလွန်တဲ့ ပြစ်မှုတွေ၊ စစ်နဲ့ပတ်သက်တဲ့ ပြစ်မှုတွေဆိုရင် စစ်ခုံရုံးကနေ အရေးယူပေါ့။ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေဆိုရင် အရပ်ဘက်ရုံးက အရေးယူပေါ့။ ကျွန်တော်တို့ စစ်ဆေးမှုအရ သူတို့ ဝန်ခံထားတဲ့အမှုတွေက တော်တော်များတယ်။ မူးယစ်ဆေးကိစ္စတွေ၊ ဓားပြတိုက်တာတွေ ဝန်ခံကြတယ်” ဟု သူက ပြောသည်။

သြဂုတ်လဆန်းပိုင်းတွင် ဝါးဘိုးရွာ ပအဖတာဝန်ခံက MG 6 အဖွဲ့ဝင်တချို့ ဒေသတွင်း သွားလာစဉ် စစ်ဆေးမေးမြန်းခဲ့ခြင်းကို မကျေနပ်သဖြင့် အဆိုပါ ပကဖတာဝန်ခံကို ဖမ်းရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုသူကို မတွေ့၍ ၎င်း၏ ဇနီးနှင့် ကလေးနှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ရဲဘော်ဝေကြီးက ပြောသည်။

“ရေလယ်ကျွန်းမှာလည်း ပျူရွာတွေလည်းရှိတော့ ညပိုင်းတွေမှာ လက်နက်တွေနဲ့ ဖြတ်မယ်ဆိုရင် တစ်ရွာနဲ့ တစ်ရွာ ချိတ်ပြီး သွားရတာ။ သူတို့က ညဘက်ကြီး လက်နက်တွေနဲ့ဆိုတော့၊ ရွာပအဖက တားစစ်တော့ ကင်းမချိတ်ထားဘူး ဆိုတာနဲ့ နောက်တစ်ခါလာရင် ကင်းချိတ်လာဖို့၊ ညဘက် လက်နက်တွေနဲ့ လာရင် ပျူစောထီးတွေနဲ့ မှားပြီး အချင်းချင်း မိုင်းဆွဲမိရင် တာဝန်မယူနိုင်တဲ့အကြောင်း ပြောလိုက်တာ။ အဲဒါကို ရဲဘော်တွေက ခေါင်းဆောင်ကို ပြန်ပြောတော့ သူ့ကို ဒီလိုပြောရကောင်းလား ဆိုပြီးတော့ ရွာပအဖကို ဝင်ဖမ်းတာ” ဟု သူက ပြောသည်။

ပြန်ပေးဆွဲစဉ် ရိုက်နှက်၍ ကားပေါ်တင် ခေါ်ဆောင်သွားကြသည်ဟု စစ်ဆေးသိရကြောင်း ရဲဘော်ဝေကြီးက ပြောပြသည်။

သြဂုတ် ၄ နံနက်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြန်ပေးဆွဲခံထားရသူ ၃ ဦးကို ပြန်လည်ကယ်ထုတ်လာနိုင်ခဲ့သည်ဟု သိရသည်။

“ရေစကြိုမြို့နယ်ထဲမှာ လာခိုလှုံနေတာဆိုတော့ အမှုတော်တော်များများကတော့ ရေစကြိုမြို့နယ်ထဲမှာ များတယ်။​ သင်္ဘောဖမ်းပြီးတော့ ပိုက်ဆံတောင်းတာတွေလည်း ရှိတယ်” ဟု ရဲဘော်ဝေကြီးက ဆိုသည်။

ရေလယ်ကျွန်းအနီး ချင်းတွင်းမြစ်ပေါ်တွင် ဖြတ်သန်းသွားလာနေသည့် သင်္ဘောများ ဖမ်း၍ ငွေတောင်းယူမှုများ၊ နီနီလွင်ရွှေဆိုင်ဓားပြတိုက်မှု၊ လူသတ်၍ အလောင်းဖျောက်မှုတို့အပါဝင် စုစုပေါင်း အမှုပေါင်း ၁၀၀ ခန့်ကို စစ်ဆေးမှုအတွင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဖြစ်စဉ်အခြေအနေအသေးစိတ်ကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။

မြင်းခြံမြို့ အမှတ် (၇) ရပ်ကွက်ရှိ စည်ပင်သာယာစျေးမြောက်ဘက်ရှိ နီနီလွင်ရွှေဆိုင်တွင် ဇွန် ၈ ရက်နေ့တွင် ပစ်ခတ်ဓားပြတိုက်ခံရကာ ဆိုင်ရှင် အသက် ၅၁ နှစ်အရွယ် ဦးဇော်နိုင်ထွန်းမှာ ဦးခေါင်းကျည်ထိကာ သေဆုံးခဲ့သည်။

ထွက်ဆိုချက်တစ်ခုတွင် လွန်ခဲ့သည့် ၈ လခန့်က မော်တော်ယာဉ်တစ်စီး ဝယ်ယူစဉ် ကျသင့်ငွေ မပေးမချေလိုသဖြင့် ကားလာပို့သူ ၃ ဦး၊ ရဟန်း ၁ ပါးတို့ကို သတ်ဖြတ်လိုက်ပြီး ရုပ်အလောင်းများကို စောင်ထဲထုပ်ကာ ချင်းတွင်းမြစ်ထဲ မျှောလိုက်သည့် အမှုလည်း ပါဝင်သည်ဟု ရဲဘော်ဝေကြီးက ပြောသည်။

MG 6 ပြောက်ကျားတပ်က မန္တလေးမြို့မှ လိုင်စင်မဲ့ကားတစ်စီးကို ရေစကြိုမြို့သို့ လာပို့ခိုင်းခဲ့ကြောင်း၊ ကားပွဲစားသုံးဦးက လမ်း၌ စစ်ဆေးခံရလျှင် ဘုန်းကြီးကားဟု အကြောင်းပြရန် ရဟန်းတစ်ပါးကို တင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တရားမျှတမှုရရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြင်းခြံခရိုင် ပကဖအဖွဲ့က သြဂုတ် ၆ တွင် ကြေညာထားသည်။

ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် MG 6 ပြောက်ကျားတပ်ကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရသေးပေ။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် ကာကွယ်ရေးအဖွဲ့များအနက် နည်းမှန်လမ်းမှန်ဖြင့် လှုပ်ရှားနေသည့် အဖွဲ့များရှိသလို တော်လှန်ရေး ထိခိုက်မှုမရှိစေရန် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုကျူးလွန်လာသည့် အဖွဲ့မျိုးကို ပြတ်သားစွာ အရေးယူရန် လိုအပ်သည်ဟု ရဲဘော်ဝေကြီးက ဆိုသည်။

“နည်းမှန်လမ်းမှန်နဲ့ သွားတဲ့အဖွဲ့တွေရှိသလိုမျိုး ပြန်ပေးဆွဲတာမျိုး၊ ဓားပြတိုက်တာမျိုး ကျူးလွန်နေတဲ့အဖွဲ့တွေလည်း ပေါ်ပေါက်နေပြီ။ ပြည်သူလူထုက စိတ်မသက်မသာဖြစ်နေတာ။ ရန်သူက ဝမ်းသာမှာ စိုးတယ်ဆိုပြီး လိုက်ဖုံးတယ်၊ ကာကွယ်တယ်ဆိုတာကလည်း နည်းလမ်းတော့ မမှန်တော့ဘူး။ ဒီလိုမျိုးအဖွဲ့တွေကိုတော့ ထိန်းကျောင်းတာမျိုး၊ အရေးယူတာမျိုး လုပ်ဖို့တော့ သင့်ပြီ။ မဟုတ်ရင် ဒီအဖွဲ့တွေက စစ်ကောင်စီနဲ့ မခြား၊ တော်လှန်ရေးကိုလည်း ပျက်စီးစေလိမ့်မယ်။ ပြည်သူလူထုကိုလည်း ဒုက္ခပေးလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button