သတင်း

သပိတ်ကျင်း ဒေသခံ ၁၀၀ ခန့်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထား

သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးအများစုပါသည့် အရပ်သား ၁၀၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဆယ်ဇင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းတွင် ဇူလိုင် ၂၆ ရက်နေ့ကတည်းက ချုပ်နှောင်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။

သပိတ်ကျင်းတွင် လှည့်လည်သွားလာနေသည့် စစ်ကောင်စီတပ်က ဧရာဝတီမြစ်အရှေ့ဘက် မန္တလေး-ထီးချိုင့်ကားလမ်းဘေးရှိ ရွာထဲဝင်ပြီး ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်သည်၊ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် အရပ်သားများကို ဓားစာခံများအဖြစ် ဖမ်းထားခြင်း ဖြစ်နိုင်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

ရွာထဲသို့ စစ်တပ်ဝင်လာချိန်တွင် လူငယ်နှင့် လူလတ်ပိုင်းအရွယ် ရွာခံများ တိမ်းရှောင်ခဲ့ကြသော်လည်း မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ ၎င်းတို့ကို စောင့်ရှောက်ရန် ကျန်ခဲ့သည့် အမျိုးသမီးများ၊ ကလေးငယ်များ စသည့် ရွာခံ ၁၀၀ ခန့် အဖမ်းခံရကြောင်း ယင်းအမျိုးသားက ပြောသည်။

“စစ်သားတွေ ဝင်လာပြီးတော့ တွေ့သမျှ ရွာသားတွေကို ဖမ်းထားတာ၊ ညနေပိုင်းကျတော့ အထဲက ကလေးတွေ ငိုသံယိုသံတွေလည်း ကြားနေကြရတာရှိတယ်၊ ထမင်းမကျွေးဘဲများ ပစ်ထားသလား မသိဘူး” ဟု ၎င်းက ပြောသည်။

လူဦးရေ ၃၅၀၀ ခန့် နေထိုင်သည့် ဧရာဝတီမြစ်၏ အရှေ့ဘက်၊ မြစ်နှင့် တစ်မိုင်ခန့်အကွာရှိ ဆယ်ဇင်းကုန်းရွာမှ အနည်းဆုံး နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း၊ သတ်ဖြတ်ခံရသည်ဆိုသည့် သတင်းကိုမူ မကြားရသေးကြောင်း ရွာထဲမှ ထွက်ပြေးလာသူများကို ကိုးကားပြီး ယင်းကျေးရွာ ဒေသခံအမျိုးသားက ပြောဆိုသည်။

“အဲ့ဒီအရင်ရက်တွေတုန်းက သူတို့ (စစ်သားတွေ) က မနက်လာလိုက်၊ ညနေပြန်လိုက် လုပ်နေရာကနေ၊ အဲ့ဒီနေ့ကတော့ ရုတ်တရက်ရောက်လာပြီး ဖမ်းတော့ဆီးတော့တာ၊ ဘာမှ မပါဘူး၊ ထွက်ပြေးလာရတယ်” ဟု လွတ်အောင်ပြေးနိုင်ခဲ့သည့် ရွာသားက Myanmar Now ကို ပြောသည်။

ဆယ်ဇင်းကုန်းရွာအတွင်း ဒေသခံတို့ကို ဖမ်းထားသည့် အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မေလ ၂၇ ရက်နေ့ကလည်း ဆယ်ဇင်းကုန်းရွာအနီး ဖြတ်သန်းသွားသည့် စစ်ယာဉ်တန်း၏ ပစ်ခတ်မှုကြောင့် ၂၉ နှစ်အရွယ် ဆယ်ဇင်းကုန်းရွာသားတစ်ယောက် သေဆုံးခဲ့ပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ဖူးသည်။

ဒေသတွင်း ကျေးရွာများတွင် လှည့်လည်သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်သည် သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရှိ အမှတ် (၁၃) လေ့ကျင့်ရေးတပ်အတွင်း စခန်းချထားခြင်းဖြစ်သည်။ ၎င်းတို့သည် ဇူလိုင် ၂၅ မှစပြီး မော်တော်ယာဉ်များဖြင့် ထီးချိုင့်ကားလမ်းအတိုင်း အနီးဝန်းကျင်ရွာများသို့ ရောက်လာခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကစပြီး၊ အဲ့ဒီဘက်ခြမ်းကို သွားလိုက်လာလိုက်၊ ချောင်းတွေမြောင်းတွေကို ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက် သွားလာနေတာ။ အင်အား ၂၀၀ လောက် ရှိမယ် ထင်တယ်၊ ဘာကြောင့်ရယ် မသိရဘူး။ အဲ့ဘက်မှာက တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်နေတာမျိုးလည်း မရှိဘူး။ စစ်မြှူနေသလားတော့ မသိဘူး” ဟု သူက ဆိုသည်။

ဆယ်ဇင်းကုန်းနည်းတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ ကျေးရွာများကိုလည်း စစ်တပ်က စီးနင်းနေသည်။ မန္တလေးမှ တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်ဘက်သို့ သွားသည့် ရိက္ခာ၊ လက်နက်တင်သင်္ဘောများ လုံခြုံရေးအတွက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များက ယူဆသည်။

သင်္ဘောအုပ်သည် ဇူလိုင် ၂၈ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်အတွင်း ဝင်ရောက်လာပြီး သပိတ်ကျင်းမြို့ မြစ်ဆိပ်တွင် ဆိုက်ကပ်ထားကြောင်း၊ သပိတ်ကျင်းမရောက်မီ မတ္တရာ၊ စဉ့်ကူးမြို့နယ်များအတွင်း တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် သင်္ဘောတစ်စီးကို ပြင်ဆင်လျက်ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် မဲစာရင်းမှားယွင်းမှုအကြောင်းပြ အာဏာသိမ်းသည့် စစ်တပ်က လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ ဒေသအများအပြားတွင် လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာရာ သပိတ်ကျင်းမြို့နယ်တွင်လည်း ဒေသခံတော်လှန်ရေးသမားတို့ အခြေစိုက် လှုပ်ရှားနေကြသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button