သတင်း

နေပြည်တော် လယ်ဝေးရဲစခန်း ဗုံးခွဲမှုဖြင့် သုံးဦး ဖမ်းဆီးခံရ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် လယ်ဝေးမြို့မရဲစခန်းကို ဗုံးခွဲတိုက်ခိုက်မှု သံသယဖြင့် အမျိုးသားသုံးဦး ဖမ်းဆီးခံထားရပြီး တစ်ဦးမှာ တော်လှန်ရေးသမားမဟုတ်သော အငှားယာဉ်မောင်းဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

ကျန်နှစ်ဦးမှာ လယ်ဝေးမြို့ အမှတ် (၃) ရပ်ကွက်ရှိ မြို့မရဲစခန်းကို ဇွန် ၁၂ ညနေ ၅ နာရီခန့်က ဗုံးပစ်တိုက်ခိုက်ခဲ့သည့် နေပြည်တော်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်ဖြစ်သည်။ ဖမ်းဆီးခံရသည့် သုံးဦးစလုံး လေးရက် ကြာသည်အထိ နောက်ဆက်တွဲသတင်း ပျောက်နေသည်။

ပေါက်ကွဲမှုအတွင်း ထိခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသော်လည်း တာဝန်ကျ ရဲတပ်သားတစ်ဦး သေဆုံး၊ ရဲအုပ်နှင့် ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရသည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာများတွင် ဖော်ပြသည်။

ထို့အတူ ဗုံးခွဲတိုက်ခိုက်မှုကို ကျူးလွန်သူများဟုဆိုကာ အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးနင်းနေသည့် CCTV ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းကိုလည်း စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများက ဖြန့်ဝေခဲ့ပြီးနောက် ၂၄ နာရီမပြည့်မီ ဆိုင်ကယ်နံပါတ်ကို ခြေရာခံကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်နှစ်ဦးမှာ လယ်ဝေးမြို့နယ်၊ အောင်းကြီးကုန်းရွာတွင် နေထိုင်သူ အသက် ၄၀ အရွယ် ဦးသက်နိုင်၊ ပုဗ္ဗသီရိမြို့နယ်နေ အသက် ၂၈ နှစ်အရွယ် ကိုရဲနိုင်ဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

ထိုနှစ်ဦး လွတ်မြောက်ရေးအတွက် ငှားရမ်းအသုံးပြုခဲ့သည့် ဇဗ္ဗူသီရိမြို့နယ်နေ အသက် ၃၃ နှစ်အရွယ် အငှားယာဉ်မောင်း ကိုရန်နိုင်ထွန်း ဓားစာခံဖြစ်ခဲ့ရ၍ စိတ်မကောင်းဖြစ်ရသည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

“အွန်လိုင်းက တွေ့တဲ့ ယာဉ်အငှားလိုက်တဲ့နံပါတ်ကို ဆက်သွယ်ပြီး ရဲဘော်တွေ လွတ်မြောက်ဖို့အတွက် သူ့ကို အခြားကိစ္စတစ်ခု အကြောင်းပြပြီး ကျွန်တော်တို့က ငှားရမ်းတာ။ သူနဲ့က ဘာမှမဆိုင်ဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ကတော့ တောင်းပန်တယ်။ ဒီအခြေအနေမှာ ရောထွေးပါသွားတဲ့အတွက်” ဟု သူက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်။ ပြီးတော့ မသက်ဆိုင်တဲ့ အငှားယာဉ်မောင်းကိုလည်း လွှတ်ပေးဖို့ လိုအပ်တယ်”

သုံးဦးစလုံးကို နေပြည်တော် ရွာတော်စစ်ကြောရေးစခန်းတွင် စစ်ဆေးနေသည်ဟု စုံစမ်းသိရှိရသည်ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ နေပြည်တော်တွင်ပင် ပစ်ခတ်ပေါက်ကွဲမှုများ ရံဖန်ရံခါဖြစ်နေသည်။

စစ်ခေါင်းဆောင် နေထိုင်ပြီး တော်လှန်ရေးသမားများက ‘စစ်ကောင်စီ၏ နောက်ဆုံးခံတပ်’ အဖြစ် သတ်မှတ်ထားသော နေပြည်တော်ကို စစ်ကောင်စီက အချိန်ပြည့် လုံခြုံရေး အထူးတင်းကျပ်ထားသည်။ အာဏာသိမ်းပြီးနောက် နေပြည်တော်မြို့တွင်း နေရာအတော်များများတွင် CCTV ကင်မရာများ လိုက်လံတပ်ဆင်ထားသည်ဟုလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button