အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သပိတ်ကျင်းနယ်တွင် စစ်ကောင်စီတပ်နှင့် ပကဖ တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကျေးရွာများကို ဇွန် ၂ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်း ၂ ခု ခွဲကာ ငါးတန့်အိုင်ကျေးရွာနှင့် ကျောလေးကျေးရွာများသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ငါးတန့်အိုင်ကျေးရွာသို့ ဝင်ရောက်ခဲ့သည့် စစ်သားများသည် ဗိုလ်လင်းယုန်တပ်ဖွဲ့ဟု ခေါ်သော ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဇွန် ၄ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး နေရာတွင် သေဆုံးပြီး ၅ ဦး ထိခိုက်ခဲ့သည်၊ ၎င်းတို့ဘက်မှ ထိခိုက်သူမရှိဟု ဗိုလ်လင်းယုန်တပ်ဖွဲ့တာဝန်ခံက ဆိုသည်။

“သူတို့လာမယ့်လမ်းကြောင်းကနေ စောင့်နေတုန်း ရွာနှစ်ခုကြားက တောင်ကြောပေါ် ရောက်တဲ့အချိန် ကျွန်တော်တို့က အရင်မြင်ပြီး အသင့်စောင့်ဆိုင်းနေရင်း တိုက်ပွဲဖော်နိုင်ခဲ့တယ်” ဟု တပ်ဖွဲ့တာဝန်ခံက ဆိုသည်။

တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ် အင်အားများစုဖွဲ့မိပြီး ပစ်အား အသာစီးရသွားချိန်တွင် ပကဖတပ်ဖွဲ့များ နောက်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။

ရှေ့သို့ ဆက်တိုးလာသည့် စစ်ကောင်စီတပ်များ ချောင်းသလဲကျေးရွာအထိ ရောက်ရှိလာခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ပြောသည်။

စစ်ကောင်စီတပ်၏ အခြားစစ်ကြောင်းတစ်ခုက ကျောလေးကျေးရွာသို့ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ် 9PDF တပ်ဖွဲ့၏ ပဒေသာမိုင်း ၅ တွဲဖြင့် တိုက်ခိုက်ခြင်းခံရသည်၊ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး ထိခိုက်ခဲ့သည်၊ ဇွန် ၄ ရက်နေ့တွင် တောင်ခါးပြက်ကျေးရွာသို့ ထပ်မံဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီး ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

ကျေးရွာများအတွင်း ဝင်ရောက် စစ်ဆေးနိုင်ခြင်းမရှိသေးသည့်အတွက် နေအိမ် မည်မျှပျက်စီးဆုံးရှုံးသွားသည်ကို မသိနိုင်သေးကြောင်း ပြင်ဦးလွင်ခရိုင်ပကဖက ဆိုသည်။

မန္တလေးသို့ ဝင်ပေါက်များဖြစ်သည့် ဧရာဝတီမြစ်တစ်ဖက်ကမ်း ကောလင်း၊ ကသာ၊ ထီးချိုင့် စသည့် မြို့များ၊ ရှမ်းမြောက်ဒေသမှ မန္တလေးသို့ ဝင်ပေါက်ဖြစ်သည့် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့ကို စစ်ကောင်စီက နယ်မြေစိုးမိုးရေးလုပ်ဆောင်နေသည်။ တော်လှန်ရေးတပ်ဖွဲ့များကလည်း အဆက်မပြတ် တိုက်ခိုက်နေသည်။

စစ်ကောင်စီတပ် ထိခိုက်မှုနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button