သတင်း

ဘီးလင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် သံဃာနှင့် သာမဏေများ ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အဝန်းကြီးကျေးရွာကို ယခုလ ၂၇ ရက်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ၃ ပါးနှင့် အရပ်သား ၂ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၁၄) အမြောက်တပ်ရင်းက အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ အဝန်းကြီးကျေးရွာသို့ ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းဝင်းထဲသို့ လက်နက်ကြီးကျည် နှစ်လုံးကျရောက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က အတည်ပြုသည်။

ထိုနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သက်တော် ၂၄ နှစ်ရှိ ဦးကေသရ ၊ ၁၉ နှစ်အရွယ် ရှင်စန္ဒကုမာရ၊ ၁၃ နှစ်အရွယ် ရှင်သီလောက၊ ၂၉ နှစ်ရှိ စောဖိုးအောင်၊ ၁၆ နှစ်သား စောချမ်းသာတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အဝန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ မေ ၂၇ ရက်တွင် စစ်တပ် ပစ်သည့် လက်နက်ကြီးကျ၍ ဒဏ်ရာရသွားသည့် သံဃာတစ်ပါး။ ဓာတ်ပုံ – ပေးပို့

ဘီးလင်းမြို့နယ်သည် KNU တပ်မဟာ (၁) သထုံခရိုင်နယ်မြေအတွင်း တည်ရှိပြီး မကြာခဏဆိုသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

စစ်ရေးတင်းမာနေသည့် ထိုဒေသအတွင်း လူသူရိက္ခာပို့ဆောင်သည့် စစ်ကောင်စီယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရချိန်၊ အခြေစိုက်စခန်းများ တိုက်ခိုက်ခံရချိန်တို့တွင် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

“သူတို့ရဲ့ စစ်ကောင်စီကားတန်းကို ကြားဖြတ်တိုက်ခိုက်တဲ့အချိန်ဆို သူတို့တွေက လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရွာတွေထဲကို ပစ်ထည့်တာ တိုက်ပွဲဖြစ်နေတဲ့နေရာကို မပစ်ဘူး၊ ရွာထဲကို ပစ်ထည့်တာ” ဟု KNU နှင့်အတူ ပူးတွဲ၍ တော်လှန်ရေးလုပ်ဆောင်နေသည့် သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ခံ အမျိုးသားက ဆိုသည်။

ယင်းအပြင် ဘီးလင်းမြို့နယ်နှင့် ကပ်လျက်တည်ရှိနေသည့် ကျိုက်ထိုမြို့နယ်အတွင်း ရွာချင်းဆက် လမ်းပိုင်းများကို မေလဆန်းမှစကာ စစ်တပ်က ဖျက်ဆီးထားပြီး ဘေးနားဝဲယာတွင် မိုင်းများ ထောင်ထားသည့်အတွက် လမ်းသွားလမ်းလာများအနေဖြင့် သတိထားသွားလာရန် ၎င်းက ပြောသည်။

“လမ်းတွေ ဖျက်ဆီးပြီးတဲ့နောက် ကားလမ်းမနဲ့ မနီးမဝေးနေရာတွေမှာ သူတို့ မိုင်းတွေ ထောင်ထားတယ်။ တကယ်လို့ ရွာသားတွေ မိုင်းနင်းမိရင် ကျွန်တော်တို့ထောင်တာဆိုပြီး သတင်းလွှင့်မှာပဲလေ။ အဲဒါကြောင့် ပြည်သူတွေကို သတိပေးတာပါ”။

မေ ၂၇ ရက်တွင် စစ်တပ် ပစ်သည့် လက်နက်ကြီးကျရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အဝန်းကြီးကျေးရွာတည်နေရာ။

ပြီးခဲ့သည့် မေ ၂၅ ရက်ကလည်း KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့တံတားထိပ်တွင် စစ်ကောင်စီတပ်ဘက်က ပစ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နောက်ထပ်ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်အနေဖြင့် အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်းကို နေ့စဉ် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိပြီး ဧပြီတစ်လတည်းတွင်ပင် ၎င်းတို့ နယ်မြေရှိ ကျေးရွာများသို့ လက်နက်ကြီး အကြိမ်ရေ ၁၈၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၆) က မေ ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးပေးခန်းများအပြင် လူနေအိမ်ပေါင်း ၃၈၇ လုံး ထိခိုက်ပျက်စီးပြီး နေအိမ် ၁၂ လုံး မီးလောင် ပြာကျခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တပ်အာဏာသိမ်းယူမှုကို လက်မခံကြောင်း ပြောင်ပြောင်တင်းတင်း ပြောဆိုထားသည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် KNU က တပ်မဟာ ၇ ခုဖြင့် ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအတွင်းရှိ ဒေသများတွင် အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။

မေ ၂၃ ရက်ကပင် ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ရှိ စစ်ကောင်စီ အခြေစိုက်စခန်းများကို KNU လက်အောက်ခံ တော်လှန်ရေး ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ကြသည်။

ထိုဒေသတွင် ရှိသော စစ်ကောင်စီ အခြေစိုက်စခန်းကုန်းဖြစ်သည့် ဝေါလေဗျူဟာကုန်း၊ မော်ခီးစခန်းနှင့် ကနဲလေး စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA- ၂၀၁ တပ်ရင်း ၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း – ၈  နှင့် Federal Wings ဒရုန်းတပ်ဖွဲ့များက သွားရောက်ပစ်ခတ်သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်က ကနဲလေးစခန်းမှ တပ်ရင်းမှူး ၁ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း KNDO တပ်ရင်း ၈ အရာရှိထံမှ သတင်းရရှိခဲ့သည်ဟု Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိခိုက်သေဆုံးမှုအခြေအနေများနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို စစ်တပ်ဘက်က ထုတ်ပြန်ခြင်းလည်း မရှိပေ။

နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်ထားရပြီး မြေပြင်တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးကိုသာ အားပြုတိုက်ခိုက်နေရာ အရပ်သားထိခိုက်သေဆုံးသည့် ဖြစ်စဉ်များစွာ ပေါ်ပေါက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button