သတင်း

လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကျောက်တော်တွင် လူငါးဦးဒဏ်ရာရ

ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် တစ်မိုင်ခန့်ဝေးသည့် ပိုက်သည်ရပ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် လူငါးဦးဒဏ်ရာရရှိသွားသည်။

ကျောက်တော်မြို့ ကစ္ဆပနဒီ တံတားအနီး ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုနေရာအနီး ပစ်ခတ်မှုဖြစ်ပွားကာ တံတားဘက်မှလာသည့် လက်နက်ကြီးကျည်မှာ အထက်ပိုက်သည်ရပ်ရှိ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲ၍ မွတ်စလင်လူငယ် သုံးဦးဒဏ်ရာရရှိသွားသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။ဒဏ်ရာရရှိသူများမှာ ပိုက်သည်ရပ်မှ မွတ်စလင်လူငယ် သုံးဦးနှင့် တောင်ပေါက်အုပ်စု လက်ဆောင်ကောက်ကျေးရွာမှ မွတ်စလင်နှစ်ဦး ဖြစ်သည်။ 

တောင်ပေါက်အုပ်စု လက်ဆောင်ကောက်ကျေးရွာမှ မွတ်စလင်ဗလီဆရာတစ်ဦးနှင့် ရွာသားတစ်ဦးတို့သည် အထက်ပိုက်သည်ရပ်ဘက်သို့ ဆိုင်ကယ်ဖြင့်အလာ ဝလက်ချောင်းတံတားအနီးတွင် လက်နက်ကြီးကျည်တစ်လုံးပေါက်ကွဲကာဒဏ်ရာ ပြင်းထန်စွာရရှိသည်ဟု လက်ဆောင်ကောက်ကျေးရွာမှ ရာအိမ်မှူး ဦးမောင်ဖြူက ပြောသည်။

“ဗလီကနေထွက်ပြီး ပိုက်သည်ရပ်ကို ဆိုင်ကယ်နဲ့သွားတယ်။ သွားတဲ့အချိန်မှာ ကစ္ဆပနဒီ တံတားဘက်ကနေ ပစ်တဲ့လက်နက်ကြီးက အနားကို လာကျတာပါ” ဟု ၎င်းက ဆိုသည်။

ရရှိထားသည့် စာရင်းအရ ဒဏ်ရာရရှိသွားသူများမှာ အထက်ပိုက်သည်ရပ်မှ မာမတ်အာယပ် (၁၇ နှစ်)၊ မ တော်ယူဘာ (၁၇ နှစ်)၊ မ နူဇင်နော် (၁၇ နှစ်) နှင့် လက်ဆောင်ကောက်ကျေးရွာမှ အမ်ဇော်မာလ်လိုဒိန် (၃၇ နှစ်)၊ အက်ဂျော်မာခါ (၅၅နှစ်) တို့ ဖြစ်သည်။

ထို့ပြင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံး လည်းကျန်ရှိနေသေးသည်ဟု ပိုက်သည်ရပ်မှ ကျန်းမာရေးလုပ်သား ဦးဘစံဆိုသူက ပြောသည်။ “စည်ပင်ရုံးနဲ့ ဆည်မြောင်းရုံး အနီးက သင်္ချိုင်းမှာ မပေါက်ကွဲဘဲ မြေမှာစိုက်နေတဲ့လက်နက်ကြီးတစ်လုံးရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရရှိသွားသူ ငါးဦးထဲမှ ဒဏ်ရာပြင်းထန်သူ နှစ်ဦးမှာ ယခုအခါ ကျောက်တော်မြို့နယ် အပေါက်ဝဆေးရုံတွင်ဆေးကုသနေသည်။

ကျောက်တော်မြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်ကလည်းယမန်နေ့ ညနေပိုင်းက ကစ်ဆပနဒီတံတားအနီး ပေါက်ကွဲသံနှင့် ပစ်ခတ်မှုများ ကြားရကြောင်း အတည်ပြုသည်။

ကျောက်တော်မြို့နယ် တောင်ဘွယ် ကျေးရွာတွင်လည်း ပြီးခဲ့သည့် မေ ၈ ရက်တွင်လည်း လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲပြီးအမျိုးသမီးငယ်တစ်ဦးနှင့် ခြောက်တန်းကျောင်းသူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ကျောက်တော်မြို့နယ်သည် ချင်းပြည်နယ်ပလက်ဝမြို့သို့ သွားရာ ရခိုင်ပြည်နယ်၏ ဂိတ်ပေါက်တစ်ခုလည်းဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) ကြီးစိုးရာဒေသဖြစ်သည်။ မြန်မာ့တပ်မတော်နှင့် AA တို့ကြား ပြင်းထန်သည့် တိုက်ပွဲများမှာ ကျောက်တော်မြို့နယ်အနီးတွင် အမြဲဖြစ်ပွားလေ့ရှိသည်။

Show More

Related Articles

Back to top button