
မန္တလေးမြို့မှ နာမည်ကျော်ဆိုင်းဆရာတစ်ဦးဖြစ်သော စိန်ဒူးဝါး ဧပြီလကုန်ပိုင်းက အဖမ်းခံရပြီးနောက် အိုးဘိုထောင်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိသွားသည်ဟု နီးစပ်သူနှင့် မြို့ခံတချို့ထံမှ သိရသည်။
အသက် ၆၀ အရွယ် ဆိုင်းဆရာ စိန်ဒူးဝါးမှာ ဧပြီ ၂၀ နောက်ပိုင်းကတည်းက မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားသည်၊ မန္တလေး – ပြင်ဦးလွင်လမ်း တစ်နေရာတွင် အဖမ်းခံရခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ရက်အတိအကျတော့ မသိရဘူး။ သင်္ကြန်အပြီး တစ်ပတ်လောက်မှာ စပြီး အဆက်အသွယ်မရတော့ဘူး။ နောက်မှ သိရတာက သူရယ်၊ သူ့အမျိုးသမီးရယ်၊ မြေးလေးရယ် ပြင်ဦးလွင်လမ်းမှာ အဖမ်းခံရတာ။ အမျိုးသမီးနဲ့ မြေးကိုတော့ နေ့ချင်း ပြန်လွှတ်ပေးတယ် ကြားတယ်” ဟု မိသားစုနှင့် နီးစပ်သူ အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားက ပြောသည်။
ဆိုင်းဆရာ စိန်ဒူးဝါးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသူတစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီလတွင် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည်ဟု သိရသည်။
ဆိုင်းဆရာ စိန်ဒူးဝါးမှာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရပြီးနောက် တိမ်းရှောင်နေစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟုလည်း သိရသည်။
“သတင်းတွေကတော့ မျိုးစုံကြားရတာပေါ့။ သူက ရှောင်နေရာကနေ ခံဝန်ထိုးဖို့ ဆက်သွယ်ထားရင်း ဖမ်းခံလိုက်ရတာတွေရော၊ ဒလန် (သတင်းပေး) ကြောင့်တွေရော စုံလို့ပေါ့။ အဲဒီအပေါ် မပြောတတ်ပါဘူး။ သူ့မိသားစုနဲ့ကလည်း အဆက်အသွယ်မရဘူး” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
ဆိုင်းဆရာ စိန်ဒူးဝါးမှာ NLD နှင့် ပတ်သက်သော ပွဲများတွင်လည်း ပါဝင်ဖျော်ဖြေခဲ့ဖူးပြီး အမာခံဝန်းရံသူဖြစ်ခြင်းကြောင့် စစ်ကောင်စီက ရန်ငြိုးဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု အသက် ၃၀ အရွယ် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
“ရန်ငြိုးနဲ့ ဖမ်းတာလို့ပဲ မြင်တယ်။ ဆရာကြီးက သူ့ဆိုင်းမှာ ရဲရဲတောက်ပြက်လုံးတွေနဲ့ ထိုးနှက်ခဲ့တာတွေ။ လူမှုကွန်ရက်မှာ ရေးသားခဲ့တာတွေ၊ ပါတီကို တအားဝန်းရံခဲ့တာတွေ ရှိခဲ့တာကိုး”

ဆိုင်းဆရာ စိန်ဒူးဝါး စစ်ကြောရေးစခန်းတွင် မျက်လုံးနှင့် သွားများ ကျိုးထွက်သည်အထိ နှိပ်စက်ခံရသည်ဆိုသည်မှာမူ မဟုတ်မှန်ကြောင်း အာဏာသိမ်းစစ်တပ်ကို ချီးကျူးသည့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားသည်။
“စစ်ကြောရေးမှာ နှိပ်စက်ခံရဖို့ နေနေသာသာ စစ်သီချင်းတောင် ဆိုင်းဝိုင်းနဲ့ တီးပေးနေပြီ” ဟု ရေးသားထားကြသည်။
ဆိုင်းဆရာ စိန်ဒူးဝါးကို လက်ရှိတွင် အကြမ်းဖက်ပုဒ်မများဖြင့်ပါ တရားစွဲဆိုထားသည်ဟုသာ ကြားသိရပြီး ပုဒ်မ အသေးစိတ် မသိရှိဘဲ ၎င်း၏ ရှေ့နေနှင့် မိသားစုဝင်များကို Myanmar Now က ဆက်သွယ်နေဆဲ ဖြစ်သည်။
စစ်တပ်သည် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံအနှံ့ ၎င်းတို့ကို ဆန့်ကျင်သူ မည်သူ့ကိုမဆို လိုက်လံဖမ်းဆီးထောင်ချနေသည်။ စစ်ကြောရေးစခန်းတွင် သေဆုံးသည်အထိ နှိပ်စက်ခံရသည့် ဖြစ်စဉ်များစွာလည်း ရှိနေပြီး တချို့မှာ စစ်ကြောရေးစခန်းသို့ မရောက်မီ လမ်းတွင်ပင် အသတ်ခံကြရသည်။
တော်လှန်ရေးလှုပ်ရှားမှုများ အားကောင်းသော မန္တလေးမြို့တွင် အလားတူ NLD ပါတီနှင့် ဆက်စပ်သူ အများအပြား ဖမ်းဆီး နှိပ်စက်၊ သတ်ဖြတ်ခံရသော ဖြစ်စဉ်များ ရှိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)