သတင်း

ဆင်ဖြူကျွန်းတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိလာ

အလွန်ပြင်းထန်သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် သေဆုံးသူ ၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။

တစ်နာရီ မိုင် ၁၃၀ ကျော်ဖြင့် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်သည့် မိုခါမုန်တိုင်းကြောင့် ဧရာဝတီမြစ်နှင့် စလင်းချောင်းပေါင်းစုံရာ ဆင်ဖြူကျွန်းမြို့အနီးတွင် မြစ်ရေ အလုံးရင်းဝင်ရောက်လာစဉ် ဒေသခံသုံးဦးမှာ မေလ ၁၄ မွန်းလွဲပိုင်းကတည်းက ရေစီးနှင့်အတူ မျောပါ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ဆင်ဖြူကျွန်းမြို့ ပြည်စိုးကုန်းရပ်ကွက်မှ သားအမိနှစ်ဦးဖြစ်သည့် အသက် ၇၀ အရွယ် ဒေါ်အေးသန်း၊ အသက် ၄၀ ကျော်အရွယ် ဒေါ်အေးသင်းစိုးနှင့် ထိုမြို့အနီး နွယ်တမယ်ရွာမှ မသန်စွမ်းတစ်ဦးဖြစ်သည့် အသက် ၂၀ ကျော်အရွယ် ကိုရှိန်းထက်အောင်တို့အလောင်းကို နောက်တစ်ရက်တွင် ပြန်တွေ့ရကြောင်း မြို့ခံကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးနှင့် နွယ်တမယ်ရွာသားတစ်ဦးက ပြောသည်။

မိခင်ဖြစ်သူ ဒေါ်အေးသန်း ရုပ်အလောင်းကို ယမန်နေ့ (မေ ၁၅) နံနက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး သမီးဖြစ်သူ၏ ရုပ်အလောင်းကို ညနေပိုင်း၌ ဆင်ဖြူကျွန်းမြို့အနီး စမ်းတွင်းကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တွေ့ရှိခဲ့သည်ဟု ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဆေးရုံက ရင်ခွဲရုံပို့ထားတယ် ပြောတယ်။ ဆေးရုံကလည်း နွံတွေ ဝင်နေတဲ့အခါကျတော့ သန့်ရှင်းရေး လုပ်နေတုန်းပေါ့။ ကျွန်တော်တို့လည်း ကိုယ့်အိမ်တွေကိုယ် မလုပ်နိုင်သေးဘူး။ ကယ်ဆယ်ရေးတွေကို ပတ်ထွက်နေတဲ့အခါကျတော့။ လက်ရှိမြို့ပေါ်မှာ နှစ်ဦး အကြမ်းဖျင်း သေဆုံးတယ်” ဟု ၎င်းက ဆိုသည်။

ဆင်ဖြူကျွန်းတစ်ဖက်ကမ်း နွယ်တမယ်ရွာမှ ကိုရှိန်းထက်အောင်သည် မေလ ၁၄ ရက် မွန်းလွဲပိုင်းတွင် ချောင်းအတွင်း ဖွင့်ထားသည့် ဈေးဆိုင်သိမ်းရာမှ ရေစီးနှင့်အတူ မျောပါသွားခြင်းဖြစ်ပြီး ရုပ်အလောင်းကို နောက်တစ်ရက် ညနေဘက်တွင် ပြန်တွေ့ကြောင်း နွယ်တမယ်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“ချောင်းထဲမှာပါ။ အရင်က ကုန်းပေါ်မှာ ဖွင့်တာပါ။ ကိုဗစ်ကာလကနေ အခုအချိန်ထိ ချောင်းထဲမှာ ဖွင့်ထားတာပါ။ အပေါ်စျေး၊ အောက်စျေး နှစ်မျိုးရှိပါတယ်။ အခု ဒီကလေးသေဆုံးမှုမှာလည်း အောက်စျေးက သူ့မိဘပစ္စည်းတွေ ပြေးသိမ်းနေရင်နဲ့ ရေထဲမှာ ပါသွားတယ်လို့ သတ်မှတ်လို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

ရေစီးကြောင့် စလင်းချောင်းဘေးရှိ နေအိမ်အချို့ အလုံးလိုက် ကျွတ်ပါသွားကာ အသက်ဘေး လွတ်ကင်းအောင် ဦးစားပေးတိမ်းရှောင်ခဲ့ရသဖြင့် နေအိမ်တွင်းရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးသွားသည်ဟု ဆင်ဖြူကျွန်းမြို့ခံ အမျိုးသားတစ်ဦးက ယမန်နေ့တွင် ပြောသည်။

ဆင်ဖြူကျွန်းမြို့ အပါအဝင် စလင်းချောင်းဘေးတစ်လျှောက်ရှိ နွယ်တမယ်၊ ငှက်ပျောတော၊ ရွာသစ်ကြီး၊ ဖုံးမိုကုန်း၊ ယမ်းဘိုကုန်း၊ သရက်ချဉ်၊ တောင်ပို၊ ချောင်းဖြူ စသည့် ကျေးရွာများလည်း ရေကြီးနစ်မြှုပ်သည်ဟု သိရသည်။

အလွန့်အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ သေဆုံးသူ ရာချီရှိနေကြောင်း ကနဦးသတင်းများ ထွက်ပေါ်နေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာ၌ ဒေသခံများ ခိုလှုံနေသည့် ဓမ္မာရုံပြိုကျမှုကြောင့် သေဆုံးသူ ၁၄ ဦး ရှိသည်ဟု လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦး ရှိသည်ဟု အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button