ယမန်နေ့ (မေ ၁၄) တွင် နိုင်ငံအနောက်ပိုင်း ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် ဝင်ရောက်လာသည့် အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် နိုင်ငံအလယ်ပိုင်း မကွေးတိုင်းအတွင်း ဒေသတချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ခဲ့သည်။
စစ်ကောင်စီတပ်ရန်ကြောင့် ပေါက်မြို့နယ်တောင်ပိုင်း ရွာ ၁၁ ရွာမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံ ၃၀၀၀ ခန့် ယာယီနေထိုင်ရာ ယောချောင်းဘေးရှိ တဲ အလုံး ၅၀ ကျော်နှင့် နှမ်းစိုက်ခင်း ဧကများစွာ ပျက်စီးသည်၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံးသည်။
မုန်တိုင်းမဝင်မီ နှစ်ရက်ခန့်မှစ၍ မုန်တိုင်းအရှိန်ကြောင့် ပေါက်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေကာ ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ ယောချောင်းရေ မြင့်တက်လာ၍ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီကို ခုခံနေသည့် Successful Force(Pauk) အဖွဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။ “လူနဲ့ ပစ္စည်းတွေ ရွှေ့လိုက်နိုင်ပေမဲ့ တဲတွေက ချောင်းနံဘေးမှာ ဆောက်ထားတော့ ယောဘက်က ဆင်းလာတဲ့ ချောင်းရေက ရေတိုက်စားတဲ့အခါမှာ မျောကုန်တာပေါ့” ဟု သူက ပြောသည်။
လူထိခိုက်သေဆုံးမှု မဖြစ်ခဲ့ခြင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ညွှန်ကြားချက်အတိုင်း စစ်ရှောင်များကို နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ မေ ၁၃ ရက်မှစတင်ကာ ကြိုတင်ရွှေ့ပြောင်းနိုင်ခဲ့သည့်အတွက်ကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့သော် စစ်ရှောင်များ မွေးမြူထားသည့် ကြက် ၃၀၀၊ ဝက် ၅၀ ဝန်းကျင်နှင့် နွားများ သေဆုံးခဲ့ရသည်၊ စက်လှေ ၃ စီး ဆုံးရှုံးသည်ဟု ဒေသတွင်း၌ ကာကွယ်ရေးအပြင် စစ်ရှောင်အရေး ကူညီမှုများပါ လုပ်ဆောင်ပေးနေသည့် အထက်ပါ အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
ပျက်စီးသွားသည့် နှမ်းစိုက်ခင်း ဧက ၅၀၀ ခန့် ရှိသည်ဟု ၎င်းက ပြောသည်။
“အခု ကျွန်တော်တို့ လိုက်တွက်ထားတာက ၇ ရွာလောက်ပဲ ရှိသေးတယ်။ ၇ ရွာလောက်ကို ဧက ၅၀၀ လောက် ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့၏ အနောက်ဘက်တွင် ရှိသည့် ပေါက်မြို့နယ်သည် ချင်းပြည်နယ်နှင့် နီးကပ်စွာ တည်ရှိသည်။
ဆင်ဖြူကျွန်းနှင့် ငဖဲ
ပေါက်မြို့၏ အောက်ဘက် ဆင်ဖြူကျွန်းမြို့နယ်တွင်မူ မုန်တိုင်းအရှိန်ကြောင့် စလင်းချောင်းရေ မြင့်တက်ခဲ့ပြီး ကျေးရွာ ၁၀ ရွာထက်မနည်း ရေလွှမ်းမိုးခဲ့သည်၊ ရေစီးနှင့်အတူ မျောပါသွားသည့် အသက် ၇၀ အရွယ် အမျိုးသမီး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီး သူ၏သမီးဖြစ်သူ ပျောက်ဆုံးနေသည်ဟု ဒေသခံများက ပြောသည်။
စလင်းချောင်းနှင့် ဧရာဝတီမြစ်အကြားရှိသည့် ဆင်ဖြူကျွန်းမြို့ပေါ်တွင် ယမန်နေ့ (မေ ၁၄) ညနေပိုင်းမှစ၍ ချောင်းရေ တိုးလာသဖြင့် အမြန်ရွှေ့ပြောင်းခဲ့ရသည်ဟု မြို့ဒေသခံ အမျိုးသားတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
“ရေက မြို့ထဲလမ်းမကြီးဆို ပေါင်လယ်လောက်အထိ ရောက်သွားတယ်ခင်ဗျ။ ကျွန်တော်တို့အိမ်ဆို ရေက ရင်ဆို့လောက်အထိ ရောက်တယ်။ ကျွန်တော်တို့ အိမ်ရဲ့ နောက်မှာက စလင်းချောင်း ဖြစ်နေတာကိုး။ အခုတော့ ရေက ပြန်ကျသွားပြီး နွံတွေ နုန်းတွေ ကျန်ခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။
ရေစီးကြောင့် စလင်းချောင်းဘေးရှိ နေအိမ်အချို့ အလုံးလိုက် ကျွတ်ပါသွားသည်၊ အသက်ဘေး လွတ်ကင်းအောင် ဦးစားပေး တိမ်းရှောင်ခဲ့ရသဖြင့် နေအိမ်တွင်းရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးရသည်ဟုလည်း အထက်ပါ ဆင်ဖြူကျွန်းမြို့ခံ အမျိုးသားက ပြောသည်။
“ရေက တအိအိ တက်တာမျိုး မဟုတ်ဘူး။ ရေစီးက သန်လည်းသန်တယ်။ မြန်လည်းမြန်တယ်” ဟု သူက ဆိုသည်။
ဆင်ဖြူကျွန်းမြို့ အပါအဝင် စလင်းချောင်းဘေးတစ်လျှောက်ရှိ နွယ်တမယ်၊ ငှက်ပျောတော၊ ရွာသစ်ကြီး၊ ဖုံးမိုကုန်း၊ ယမ်းဘိုကုန်း၊ သရက်ချဉ်၊ တောင်ပို၊ ချောင်းဖြူ စသည့် ကျေးရွာများလည်း ရေကြီးခဲ့သည်ဟု သိရသည်။
ဆင်ဖြူကျွန်းမြို့ အနောက်ဘက်ရှိ နွယ်တမယ်ရွာတွင် လူဦးရေ နှစ်ထောင်ဝန်းကျင်ခန့် နေထိုင်ပြီး ရေကြီးနစ်မြုပ်မှုကြောင့် ရွာလုံးကျွတ်နီးပါး ထိခိုက်ပျက်စီးကုန်သည်ဟု နွယ်တမယ်ရွာခံတစ်ဦးက ပြောသည်။
“ဖလားထဲကရေ သွန်ချလိုက်သလိုမျိုး ရေက တက်လာတာ။ ဘာမှ သိမ်းချိန်ဆည်းချိန်တောင် မရလိုက်ဘူး။ မခိုင်ခံ့တဲ့အိမ်အချို့တော့ မျောပါသွားတယ်။ ကျွဲနွားတိရစ္ဆာန်တွေတော့ အကုန် သေကုန်တာပေါ့” ဟု သူက ဆိုသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ပစ္စည်းများ ဆုံးရှုံးရုံတင်မက သီးနှံစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးခဲ့သည်၊ ရေပြန်ကျသွားပြီးနောက် ပျက်စီးခဲ့သည့် နေအိမ်များကို ရှင်းလင်းနေရသည်ဟု သိရသည်။
ဆင်ဖြူကျွန်းမြို့နယ်အောက်ဘက် ငဖဲမြို့နယ်ဘက်တွင်လည်း မုန်တိုင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ကြောင်း အွန်လိုင်းလူမှုကွန်ရက် ဓာတ်ပုံများတွင် တွေ့ရသည်။
ထိုဒေသတွင် လှုပ်ရှားနေသော PRA – Magway အဖွဲ့၏ စစ်ရေးဆိုင်ရာတာဝန်ခံ ဗိုလ်ဟာကျူလီက မုန်တိုင်းကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးမှု မရှိဟု ပြောသည်။
“မုန်တိုင်းက ကျွန်တော်တို့ဘက်ကို ရောက်တဲ့အချိန်မှာ အရှိန်အနည်းငယ် လျော့သွားတယ်။ လျော့သွားတဲ့အတွက် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိပါဘူး” ဟု သူက ပြောသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် နိုင်ငံအလယ်ပိုင်းမှ မကွေးတိုင်းသည်လည်း ထိပ်တန်းမှ ပါဝင်နေသည်။
ထိုဒေသအတွင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ မကြာခဏ ဖြစ်နေသည်။ မုန်တိုင်းအန္တရာယ်ရှိချိန်တွင်ပင် စစ်ကောင်စီက နိုင်ငံအလယ်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေသည်။
မိုခါမုန်တိုင်း ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဗဟိုချက် ကျရောက်ခဲ့ရာ ရခိုင်ပြည်နယ်၌ သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရ ၁၃ ဦး ရှိပြီး ကျန်သေဆုံးသူတစ်ဦးမှာ ဧရာဝတီတိုင်းမှ ဖြစ်သည်ဟု စစ်ကောင်စီက ယနေ့ (မေ ၁၅) ထုတ်ပြန်ထားသည်။
စုစုပေါင်း လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ တိုင်၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အအုံ ၃၈ လုံး ပျက်စီးသည်ဟု ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့အနီးမှ မြောက်ဘက်နှင့် အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)