သတင်း

မုန်တိုင်းလမ်းပေါ်ရှိ ချင်းတောင်ပိုင်းတွင် ပြင်ဆင်မှုအားနည်း

ယနေ့ (မေ ၁၄) ညဦးပိုင်း အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည့်လမ်းကြောင်းပေါ်ရှိ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များတွင် ဆက်သွယ်ရေးအခက်အခဲများကြောင့် သတင်းအချက်အလက်ရရှိမှု နည်းပါးပြီး ပြင်ဆင်မှု အားနည်းနေကြောင်း ဒေသအခြေစိုက် ချင်းကာကွယ်ရေးအဖွဲ့ (CDF) ထံမှ သိရသည်။

လေတိုက်နှုန်း ၉၀ မိုင်နှုန်းအထက်ဖြင့် ယနေ့ မွန်းတည့်ချိန်တွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်နေသည့် မိုခါမုန်တိုင်းသည် ယနေ့ ညဦးပိုင်းတွင် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်အနီးမှ ဖြတ်သန်းသွားမည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားကြသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသော မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စသော မြို့နယ်များတွင် လွန်ခဲ့သည့် ၃ လ ခန့်စ၍ ဖုန်းဆက်သွယ်မှုအခက်အခဲများ ဖြစ်ပေါ်နေရာ မုန်တိုင်းလာချိန်နီးမှ လေဘေးအန္တရာယ်နှင့် ပတ်သက်ပြီး လိုက်လံနှိုးဆော် သတိပေးနိုင်ခဲ့သည်ဟု CDF အဖွဲ့များက ဆိုသည်။

မင်းတပ်မြို့တွင် ယခုနှစ် ဇန်နဝါရီလမှစ၍ စစ်ကောင်စီက ဖုန်းလိုင်း ဖြတ်တောက်ထားခဲ့ပြီး လွန်ခဲ့သည့် နှစ်ရက်ခန့်ကမှ မြို့နယ်တချို့၌ ပြန်ဖွင့်ပေးခဲ့သောကြောင့် ဒေသခံများ မုန်တိုင်းသတင်းရရှိရေးအတွက် အရေးပေါ် ဆောင်ရွက်ခဲ့ရသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမန်က ပြောသည်။

မြို့အနီးအနားရှိ ဆက်သွယ်ရေးလိုင်းမိသည့် ဒေသခံများကို စာတို (message) ပေးပို့ကာ မုန်တိုင်းသတင်းနှင့် ကျေးရွာများအတွင်း နေထိုင်ရန်၊ အမဲမလိုက်ရန်၊ တောင်ယာမလုပ်ကြရန် ယမန်နေ့ (မေ ၁၃) တွင်မှ အလောတကြီး သတိပေးခဲ့ရကြောင်း ဆိုသည်။

“မထိရောက်ဘူး။ ဖုန်းလိုင်းရတဲ့နေရာ Message ရမှ ဆိုတော့၊ ပြည်သူတော်တော်များများက ဖုန်းမသုံးကြတော့ မသိကြဘူး။ ဒါပေမဲ့ ဒီဘက်က အိုင်ကွန်တွေ (စကားပြောစက်) သုံးကြတော့ တိုက်နယ်တွင်း အိုင်ကွန်တွေကနေတော့ ကျေးရွာထဲ ပြန်ဝင်နေကြဖို့ တောင်ယာကို မသွားကြဖို့ လိုက်ပြီး ဆော်ဩတာတော့ ရှိတယ်” ဟု ကိုယောမန်က ပြောသည်။

စစ်ရှောင် ၉၀၀၀ ကျော်ခန့် ရှိနေသည့် မင်းတပ်မြို့တွင် အများစုမှာ နီးစပ်ရာကျေးရွာများတွင် တဲများ ထိုးကာ ခိုလှုံနေရသည့်အတွက် မုန်တိုင်းဝင်ရောက်လာချိန် ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု သူက ဆက်ပြောသည်။

မတူပီ အခြေအနေ

CDF (မတူပီ) ပြန်ကြားရေးတာဝန်ခံကလည်း မုန်တိုင်းအဓိက ဖြတ်သန်းရာ လမ်းကြောင်းပေါ်တွင် ရှိနေသည့် ၎င်းတို့မြို့တွင်လည်း မုန်တိုင်းအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာအချို့နှင့် အရေးကြီး စာရွက်စာတမ်းများကို လုံခြုံစွာထိန်းသိမ်းကြရန် သတင်းပေးခြင်းသာ ပြုလုပ်နိုင်သည်ဟု ဆိုသည်။

“ဒီလောက်ပဲ ကျွန်တော်တို့ ပြင်ဆင်ထားနိုင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က တခြားပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ကလည်း ကျွန်တော်တို့မှာ ဘတ်ဂျက်ကလည်း လိုသေးတာကို ဆိုတော့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးဘက်ကိုပဲ အသိပေးတာလေးတွေ လုပ်နိုင်တယ်” ဟု CDF (မတူပီ)  ပြန်ကြားရေးတာဝန်ခံ ကိုအာရွန်းက ပြောသည်။

လတ်တလော စစ်ကောင်စီတပ် စစ်ကြောင်းထိုးခြင်း မပြုသေးသည့်အတွက် မတူပီမြို့တွင် စစ်ရှောင်များ မရှိသေးဘဲ သက်ဆိုင်ရာ ကျေးရွာများတွင်သာ နေထိုင်နေကြသည်ဟု သိရသည်။

စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် အဆောက်အအုံ ကြီးကြီးမားမားရှိသည့် ကျေးရွာများတွင်မူ ရွာသားများကို အဆိုပါအဆောက်အအုံများ၌ နေထိုင်ရန် ညွှန်ကြားထားသည်ဟု ကိုအာရွန်းက ပြောသည်။

“မုန်တိုင်းဒဏ် ခံနိုင်ရည်ရှိမယ်ထင်ရတဲ့ အဆောက်အအုံတွေမှာတော့ ခိုလှုံခိုင်းထားတယ်၊ သို့ပေမဲ့ ပြည်သူတွေကလည်း ချင်းပြည်နယ်မှာ မုန်တိုင်းအတွေ့အကြုံ မရှိဖူးသေးတော့ နည်းနည်း‌တော့ ပေါ့တယ်”

ချင်းပြည်နယ် မတူပီဒေသတွင်းတစ်နေရာကို CDF က ယခုနှစ် ဇန်နဝါရီအတွင်းက ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-CDF- Matupi)

မိုးရွာနေသည့် ကန်ပက်လက်မြို့ 

ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များတွင် လွန်ခဲ့သည့် ၃ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းနေပြီး ယနေ့ မွန်းလွဲမှ စတင်၍ လေပြင်းတိုက်ခတ်မှုများ ရှိလာသည်ဟု CDF (ကန်ပက်လက်) ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

မုန်တိုင်းအတွက် အရေးပေါ်တုံ့ပြန်ရေးကော်မတီတစ်ခု ဖွဲ့ထားပြီး မုန်တိုင်းကာလအတွင်း ကူညီမှုများ လုပ်ဆောင်ပေးရန် ကြိုးစားနေသည်ဟု ၎င်းက ဆက်ပြောသည်။

ကန်ပက်လက်မြို့နယ်တစ်ခုလုံးရှိ စခန်း ၁၀ ခုတွင် စစ်ရှောင်စုစုပေါင်း ၅၆၀၀ ခန့် ရှိနေပြီး နီးစပ်ရာ ကျေးရွာများနှင့် တောတောင်များထဲတွင် နေထိုင်သူများလည်း ရှိသည်ဟု သိရသည်။

“ပညာပေးပြောတာတွေတော့ တိတိကျကျတော့ မရှိဘူး။ ဒါပေမဲ့ မုန်တိုင်းသတင်း ကောင်းကောင်း ရနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ လုံခြုံတဲ့ အဆောက်အအုံရှိတဲ့ ကျေးရွာတွေဆိုရင် အဆောက်အအုံထဲ ခိုလှုံနိုင်ဖို့ ညွန်ကြားထားပါတယ်” ဟု ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

၎င်းတို့ ဖွဲ့စည်းထားသည့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မုန်တိုင်းအတွင်း သတင်းအချက်အလက်ရရေး၊ ဒဏ်ရာရသူများကို ကယ်ဆယ်ရေး၊ မုန်တိုင်းအတွင်း အပျက်အစီးများကို သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။

ယမန်နေ့ ည ၉ နာရီမှ စတင်၍ ယနေ့ညနေပိုင်းအထိ ကန်ပက်လက်မြို့နယ်နှင့် နယ်မြေထိစပ်နေသော မကွေးတိုင်း ဆောမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စစ်ကောင်စီတပ်က အဆိုပါမြို့များပေါ်တွင် နေရာယူတပ်စွဲထားသည့်အတွက် မြို့ပေါ်ရှိ ဒေသခံများကို မုန်တိုင်းအတွက် စားနပ်ရိက္ခာများ စုဆောင်းရန်နှင့် ခိုင်မာသည့် အဆောက်အအုံများတွင် နေထိုင်ကြရန် ဆော်ဩနေရသည်ဟု CDF ဘက်က ဆိုသည်။

အထက်ပါမြို့နယ်များသည် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် စစ်ကားအစီးရေ ၈၀ ကျော်ဖြင့် အကြိမ်ကြိမ် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်ခံရသည့် ဒေသများဖြစ်ပြီး ဒေသခံအများစုမှာ မကြာခဏ တိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီ၏ ပြည်နယ်အဆင့် အရာရှိကြီးများကလည်း မုန်တိုင်းမလာမီ ၂ ရက်အလိုက ပြည်နယ်မြို့တော် ဟားခါးတွင် သဘာဝဘေးကာကွယ်ရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ခဲ့သည်ဟု ယနေ့ထုတ် စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။

မြေပြိုမှု ဖြစ်နိုင်သည့်နေရာတွင် နေထိုင်သူများ နေရာပြောင်းရန်၊ မြို့နယ်အလိုက်စုထားသည့် ၇ ရက်စာရိက္ခာကို ထိုနေရာများသို့ ပို့ရန်၊ ဆက်သွယ်ရေးစကားပြောစက်များ တပ်ဆင်ပေးရန် အကြံပြုဆွေးနွေးကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုင်ကလုန်း မိုခါသည် ရခိုင်ပြည်နယ်သို့ ရောက်လာပြီးနောက် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်သို့ တစ်နာရီ မိုင် ၉၀ နှုန်းဖြင့် ယနေ့ ညနေ ၆ နာရီခွဲတွင် ဝင်ရောက်မည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ မွန်းလွဲ ၁ နာရီတွင် ထုတ်ပြန်သည်။

Show More

Related Articles

Back to top button