စီးပွားရေး

စီးပွားရေးလုပ်ငန်းများကို ကိုဗစ်ချေးငွေ ကျပ်သိန်း ၃၀ မှသန်း ၆၅၀ အထိ ခွင့်ပြုပေးဟုဆို

ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများကို ကျားကန်နိုင်ရန် အစိုးရက အနိမ့်ဆုံးချေးငွေ ကျပ်သိန်း ၃၀ မှစ၍ ကျပ်သန်း ၆၅၀ အထိ ထုတ်ချေးပေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်။

သို့သော် ချေးငွေပမာဏမှာ နည်းပါးလွန်းသဖြင့် လုပ်ငန်းအတွက် အထောက်အကူမရနိုင်၍ ခွင့်ပြုချေးငွေ ပြန်အပ်လိုက်ကြောင်း ခရီးသွားလုပ်ငန်းတစ်ခု၏ ယနေ့နံနက်ထုတ်ပြန်ချက်ကြောင့် အစိုးရ၏ချေးငွေလုပ်ငန်းစဉ်အပေါ် ဝေဖန်မှုများလည်းရှိနေသည်။

ချေးငွေပြန်အပ်လိုက်သည့် ခရီးသွားလုပ်ငန်းဖြစ်သော Apex International ကုမ္ပဏီ၏ဒါရိုက်တာ ဦးသီဟက ၎င်းတို့၏ကုမ္ပဏီက ကျပ်သိန်း ၃၀၀၀ ချေးပေးရန် လျှောက်ထားခဲ့သော်လည်း ကျပ် ၆၅ သိန်းသာ ခွင့်ပြုခဲ့သဖြင့် ထုတ်ယူခြင်းမပြုတော့ဟု ဆိုသည်။

“စိစစ်တဲ့နေရာမှာ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုမယ်၊ စာရွက်စာတမ်းပေါ်မှာပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်တာလို့ မြင်ပါတယ်။ အမှန်တကယ်ကတော့ လုပ်ငန်းပမာဏ ဘယ်လောက်ရှိလဲဆိုတာ ကွင်းဆင်းစစ်ဆေး ဆုံးဖြတ်သင့်တယ်”ဟု ဦးသီဟက ပြောသည်။

၎င်းတို့ကုမ္ပဏီမှာ မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀၀၀ ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ပြီး ယင်းအပေါ်လည်း နိုင်ငံတော်ကို အခွန်ပေးဆောင်ထားကြောင်း ယင်းကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့အချိန်ထိ လုပ်ငန်း ၂၀၁ ခုအတွက် ချေးငွေကျပ် ၁၀ ဘီလျံခန့် ခွင့်ပြုခဲ့ပြီး လုပ်သား ထောင်နှင့်ချီရှိသည့် လက်ခစား အထည်ချုပ်လုပ်ငန်းတစ်ခုကို ကျပ်သန်း ၆၅၀ အထိ ထုတ်ချေးပေးထားကြောင်း၊ အနိမ့်ဆုံးပေးအပ်သည့် ချေးငွေပမာဏမှာ ကျပ်သိန်း ၃၀ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကပြောသည်။

“စိစစ်ပြီးထောက်ခံလာတာကို ကျွန်တော်(ကော်မတီအဆင့်က) တစ်ပြားမှမလျှော့ဘူး။ အဲဒီအတိုင်းပဲ ထုတ်ခွင့်ပေးလိုက်တာ” ဟု ၎င်းကပြောဆိုသည်။

ချေးငွေလျှောက်ထားမှုများကို အဆင့်သုံးခုဖြင့် စိစစ်နေခြင်းဖြစ်ကြောင်း ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။

ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် ပူးပေါင်း၍ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း၊ မြန်မာနိုင်ငံလက်မှတ်ရ စာရင်းကိုင်များအသင်းက ငွေကြေးပမာဏ မည်မျှထောက်ပံ့ရမည်ကို ထောက်ခံတင်ပြခြင်း၊ ကော်မတီကအတည်ပြုခြင်း စသည့်အဆင့်များဖြင့် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

သို့သော် ချေးငွေခွင့်ပြုပမာဏအပေါ် ဝေဖန်မှုများရှိနေပြီး ချေးငွေပမာဏဆုံးဖြတ်မှု လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်လိုအပ်ကြောင်း လုပ်ငန်းရှင်အချို့က ထောက်ပြကြသည်။

“ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်ရဲ့ဟိုတယ် (အင်းလေးမင်းသမီး)က နှစ်ပေါင်းများစွာ အခွန်ဆောင်ထားတာ၊ အင်းလေးရဲ့ဂုဏ်ဆောင်လည်းဖြစ်လို့ ချေးငွေပမာဏ များများရသင့်တာ မှန်တယ်၊ ဒါပေမဲ့ သူ့ကို ကျပ်သိန်းတစ်ထောင်အထက် ပေးပြီးတော့ တခြားသူတွေကျတော့ သိန်း ၅၀ တို့ ၃၀ တို့ပေးတာက မဖြစ်သင့်ဘူး” ဟု Grand Lotus ကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်စွာမင်းကပြောသည်။

၎င်း၏ လုပ်ငန်းအတွက်ရရှိသည့် ချေးငွေပမာဏကိုမူ ဦးကျော်စွာမင်းက အတည်ပြောဆိုခြင်းမရှိ​ပေ။ သို့သော် ဝန်ထမ်းလစာစုစုပေါင်း၏ တစ်လစာပင် မရှိဟု​ ၄င်းကဆိုသည်။

ယနေ့လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ကျပ်သိန်းတစ်ထောင်အထက် ချေးငွေရသူများစာရင်းတွင် အင်းလေးမင်းသမီးလီမီတက်လည်း ပါဝင်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် အင်းလေးမင်းသမီးကုမ္ပဏီသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။

“မူလကတည်းက စိစစ်တဲ့လုပ်ငန်းစဉ်မှာ ဘက်စုံထောင့်စုံကြည့်ပြီး ပေးကြတာကိုး၊ တချို့လည်း အများကြီးမျှော်လင့်ပြီး မရတဲ့အတွက် ဘဝင်မကျတာတော့ ရှိကောင်းရှိနိုင်ပါတယ်၊ အများစုကတော့ ကျေနပ်ကြပါတယ်” ဟု ဦးအောင်နိုင်ဦးက Myanmar Now ကို ပြောသည်။

နိုင်ငံတော်အကြီးအကဲများက လုပ်ငန်းရှင်များထံ ချေးငွေ အမြန်ဆုံးပေးအပ်စေလို၍ လျှောက်ထားသူများ ဘဏ်ကြွေးရှိမရှိ စိစစ်ခြင်းကဲ့သို့သော အဆင့်များကိုပင် ချန်လှပ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“လျှောက်လွှာပေါင်း လေးထောင်နီးနီးရှိတယ်၊ အဲဒါကို ကွင်းဆင်းစိစစ်နေရင် နောက်ထပ် လေးငါးလလောက်အတွင်း ရစရာအကြောင်းမရှိဘူး” ဟု ၎င်းကဆိုသည်။

အချို့လုပ်ငန်းရှင်များမှာမူ ချေးငွေရရှိသဖြင့် သက်ဆိုင်ရာဘဏ်သို့ သွားရောက်ချိန်တွင်မှ ယခင်ယူထားသည့် ဘဏ်ချေးငွေအပေါ်တွင် ပြစ်ချက်များရှိထား၍ ယခုချေးငွေကို ထုတ်မရဟု ဆိုကြသည်။

လုပ်ငန်းရှင်နှင့် အစိုးရကြားတွင် ချေးငွေလျှောက်ထားမှုများအတွက် အကူအညီပေးနေသည့် UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းကမူ ပေါ်ပေါက်နေသည့် အငြင်းပွားမှုများအပေါ် မှတ်ချက်ပေးရန်မရှိဟု ဆိုသည်။

ဒုတိယအသုတ်ချေးငွေရရှိသူများ စာရင်းတွင်ပါဝင်သည့် Areo Coffee and Bakery၊ အခွင့်အလမ်းဂျာနယ်၊ Myo Myo Fashion တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ချေးငွေရရှိသည့် ပမာဏနှင့် ထုတ်ယူရမည့် အခြေအနေကို မသိရသေးကြောင်း ပြောဆိုသည်။

ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန်အတွက် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ကနဦးမတည်၍ ကိုဗစ်ကြောင့် ဆိုးကျိုးသက်ရောက်နေသည့် စီးပွားရေးလုပ်ငန်းများကို ကုစားပေးမည်ဟု မတ် ၁၈ ရက်တွင် အစိုးရကကြေညာ၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ထားပြီး အထည်ချုပ်ကဲ့သို့သော ကုန်ကြမ်းယူ၊ ကုန်ချောပို့ လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်သည်ဟု ဆိုထားသည်။

Show More

Related Articles

Back to top button