သတင်း

ဖားကန့်မြို့ လမ်းပေါ်တွင် ရက် ၄၀ အတွင်း အလောင်း ၁၂ ခု တွေ့ရှိ

တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် ဧပြီနှင့် မေ နှစ်လအတွင်း လက်သည်မပေါ်ဘဲ အသတ်ခံရသူ အရပ်သား ၁၂ ဦးထက်မနည်း ရှိသည်ဟု သေခံများက ပြောသည်။

ဧပြီလအတွင်း အရပ်သား အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၅ ဦး အသတ်ခံခဲ့ရကြောင်း၊ မေလဆန်းပိုင်းမှာပင် အသတ်ခံရသူ ၆ ဦးထက်မနည်း ရှိနေကြောင်း ဒေသတွင်းသတင်းများကို အထူးပြု ဖော်ပြသည့် သတင်းဌာနများ၏ သတင်းတင်ဆက်မှုတွင် တွေ့ရသည်။

မေလ ၁ ရက်နေ့က သေနတ်ဒဏ်ရာများ ရရှိထားသည့် အမျိုးသားတစ်ဦး၏ အလောင်းကို ဖားကန့်မြို့ မရှီကထောင်ကြိုးတံတားအနီးတွင် တွေ့ရှိခဲ့သည်၊ မေ ၅ နှင့် ၆ တွင် အမျိုးသားအလောင်း ၂ လောင်းစီ၊ မေ ၉ တွင် အမျိုးသားအလောင်း ၁ လောင်းတို့ကို ဖားကန့်မြို့ ရေအေးဂျောင်ရပ်ကွက်နှင့် ရှရော်ခရွာ၊ မှော်စီဆာကျေးရွာများတွင် ဒေသခံများက တွေ့ရှိခဲ့သည်။

မေ ၅ ရက်နေ့က ဖားကန့်မြို့အနီး ရှရော်ခကျေးရွာအနီး စွန့်ပစ်ခံထားရသည့် ကချင်လူငယ်နှစ်ဦးမှာ အသက် ၂၀ အရွယ်ခန့်သာ ရှိကြသေးသည်။

မေ ၄ ရက်က မလန်းယန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရသူနှစ်ဦးဖြစ်နိုင်သည်ဟု ဒေသခံတို့က ယူဆနေကြသည်။

“ကောင်လေးတွေက ငယ်ငယ်လေးတွေ၊ တစ်ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်ထားတာ၊ နောက်တစ်ယောက်က ရင်ဘတ်နဲ့ လည်ပင်းနားမှာ အပေါက်တွေဖြစ်နေတယ်၊ သေနတ်နဲ့ပစ်လား ဓားနဲ့ထိုးထားလားတော့ မသိဘူး” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

“သေတဲ့သူအများစုက ရက်ရက်စက်စက်ကို နှိပ်စက်ပြီး သေနတ်တွေ၊ ဓားတွေနဲ့ အသတ်ခံထားရတာ၊ ခဏခဏတွေ့နေရတာ ဒီရက်ထဲကို များလာပြီ။ ဒီက ဒေသခံတွေကတော့ စစ်တပ်က လုပ်တယ်လို့ ထင်ကြတယ်၊ ဘာလို့ဆို သူတို့ပဲ လူတွေ လိုက်ဖမ်းပြီး ပြီးရင် ဖမ်းခံရတဲ့သူတွေက ပျောက်ပျောက်သွားကြတာ”  

ထိုအခြေအနေကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။

နိုင်ငံအနှံ့အပြားတွင်လည်း အရပ်သားအများအပြားမှာ လက်နက်ကိုင်ခုခံသူဟု စွပ်စွဲခံရပြီးနောက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်လျက်ရှိသည်။ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းစစ်ဆေးစေမှုများ နည်းပါးလာသည်။ ဤသို့သော လုပ်ရပ်များမှာ ဖားကန့်ဒေသတွင်လည်း ပေါ်ပေါက်နေသည်။

ဖားကန့်ဒေသ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

ဤအတောအတွင်း ဖားကန့်မြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်များနှင့် စစ်တပ်စစ်ကြောင်းတစ်ခု ထပ်မံရောက်ရှိနေသည်၊ ယခုစစ်ကြောင်းက ယခင်တပ်များထက် ပိုမိုကြမ်းတမ်းစွာ ပြုမူသည်ဟု သတင်းထွက်နေကြောင်း PDF များနှင့် နီးစပ်သူ အသက် (၄၀) ကျော်အရွယ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။

ကျောက်စိမ်းအကျိုးစီးပွားရှိနေသည့် ဖားကန့်မြို့ကို စစ်ကောင်စီတပ်နှင့် KIA တို့က ထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး အပြန်အလှန် ဖမ်းဆီးသတ်ဖြတ်မှုများလည်း အဆက်မပြတ်ဖြစ်ပွားနေသည်။

နိုင်ငံအနှံ့အပြားမှ ပြည်သူများ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သည့် ဖားကန့်ကျောက်စိမ်းမြေတွင် စစ်ကောင်စီကို လမ်းပေါ်ထွက် ချီတက်ပြီး ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများကို ကာလကြာရှည် တွေ့ခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button