သတင်း

ရဲစခန်းတွင် ဖမ်းထားသည့် ပုဏ္ဏားကျွန်းဒေသခံ ၅ ဦးကို စစ်တပ်က ခေါ်ထုတ်သွားဟုဆို

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ပုဏ္ဏားကျွန်းဒေသခံ ၅ ဦးကို ယနေ့ (ဧပြီ ၂၇) နံနက်အစောပိုင်းက စစ်တပ်ကားဖြင့် ပုဏ္ဏားကျွန်းရဲစခန်းမှ ခေါ်ထုတ်သွားသည်ဟု မျက်မြင်တွေ့ရှိလိုက်သည့် မိသားစုဝင်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာမှ အဆိုပါဒေသခံ ၅ ဦးမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ပတ်သက်သည်ဆိုသည့် စွပ်စွဲချက်များဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ဧပြီ ၂၄ က ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခံထားရသူများ ဖြစ်သည်။

၎င်းတို့ကို တပ်မတော်က ကနဦး ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းသို့ ဧပြီ ၂၃ တွင် လွှဲပြောင်းပေးခဲ့သည်။ ရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ယခုအခါ တပ်မတော်က ပြန်ခေါ်ထုတ်သွားခြင်း ဖြစ်သည်။

ယနေ့နံနက် ၇ နာရီခွဲခန့်တွင် စစ်တပ်ကားတစ်စီးက ၎င်းတို့ ၅ ဦးကို တင်ဆောင်ပြီး ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် မိုင်ဝက်ခန့်အကွာရှိ ဂူဝရွာသို့ ခေါ်ဆောင်သွားသည်ကို ပုဏ္ဏားကျွန်းရဲစခန်းရှေ့ ဘုန်းကြီးကျောင်းတွင် တည်းခိုနေကြသည့် မိသားစုဝင်များက တွေ့လိုက်ရသည်ဟု မိသားစုဝင်တစ်ဦးဖြစ်သူ ဦးစိုးသိန်းမောင်က ပြောသည်။

ဂူဝကျေးရွာတွင် စက်လှေဆိပ်တစ်ခုရှိပြီး အဆိုပါ လှေဆိပ်တွင် တပ်မတော်ရေမှ စစ်ရေယာဉ်တစ်စီး ဆိုက်ကပ်ထားသည်ကိုလည်း တွေ့ရသည်ဟု မိသားစုဝင်များက ပြောသည်။

“အခုက ကလေးတွေက စစ်ရေယာဉ်ပေါ်ပါသွားတာလား စစ်ကားနဲ့ ပြန်ပါသွားလားဆိုတာလည်း မသိဘူး ဘယ်ရောက်နေလဲဆိုတာလည်း မသိရသေးဘူး” ဟု ဦးစိုးသိန်းမောင်က ပြောသည်။

ထို့အပြင် ပုဏ္ဏားကျွန်းရဲစခန်းမှ တာဝန်ရှိသူကို မိသားစုဝင်များက မေးမြန်းရာတွင်လည်း စစ်ဆေးစရာရှိ၍ ခေါ်ဆောင်သွားသည်ဟုသာ ဖြေဆိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဒေသခံ ၅ ဦးကို ခေါ်ဆောင်သွားသည့်နေရာကို မသိနိုင်သော်လည်း စစ်တွေအမှတ် ၁ ရဲစခန်းကို ခေါ်ဆောင်သွားခြင်းဖြစ်နိုင်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က သုံးသပ်သည်။

“ဒီလိုအမှုကြီးတွေက စစ်တွေကိုပို့တာများတယ်၊ စစ်ရေယာဉ်နဲ့ ခေါ်တယ်ဆိုတာက လုံခြုံရေးအရ သူတို့ ကားနဲ့ မသွားချင်လို့ဖြစ်မယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းမှ ဒုရဲမှူးခင်မောင်အေးကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့က ပြောလို့မရဘူးဗျ၊ ပြည်နယ်အဆင့်ကိုမေးမှရမှာ” ဟု ပြန်လည်ဖြေဆိုသည်။

၎င်းတို့ ၅ ဦးကို စစ်ကားဖြင့် မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရသေးသည့်အတွက် မိသားစုဝင်များက စိတ်ပူကာ ငိုယိုနေကြသည်ဟု ဖမ်းဆီးအမှုဖွင့်ခံထားရသူတစ်ဦးဖြစ်သည့် အသက် ၂၇ နှစ်အရွယ် မောင်ချေ၏အဖေ ဦးကျော်ကြီးက ပြောသည်။

ဒေသခံ ၅ ဦးဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ရွာမှာ ပုဏ္ဏားကျွန်းမြို့၏မြောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိပြီး ဧပြီ ၁၃ ရက်က ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၈ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့သည်။

တပ်မတော်သည် ကျောက်ဆိပ်ရွာမှရွာသား ၃၈ ဦးကို ဧပြီ ၁၉ တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၃၃ ဦးကိုပြန်လွှတ်ကာ ကိုမျိုးလင်းဦး(၂၄ နှစ်)၊ ကိုညီညီအောင်(၂၄ နှစ်)၊ မောင်ချေ(၂၇ နှစ်)၊ ကျော်ဝင်းဟိန်း(၂၂ နှစ်) နှင့် မျိုးမင်းအောင်(၂၆ နှစ်) တို့ ၅ ဦးကို ပုဏ္ဏားကျွန်းရဲစခန်းက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ပြီးခဲ့သည့်လက စတင်ကာ ဧပြီ ၁၄ အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများနှင့် ရဟတ်ယာဉ်များသုံးစွဲကာ တိုက်ခိုက်ခဲ့သည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု လွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

၂၀၁၉ ဒီဇင်ဘာမှ ၂၀၂၀ ဧပြီ ၁၅ ရက်အထိ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့၏ ဖမ်းဆီးခံရသူ အရပ်သား ၂၄၈ ဦးအထိရှိနေသည်ဟု ရန်ကုန်အခြေစိုက် ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခအခြေအနေများကို စောင့်ကြည့်နေသည့် Burma Monitor အဖွဲ့၏ ဧပြီ ၂၅ ရက်က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button