
ကိုဗစ်နိုင်တင်းရောဂါကြုံတွေ့နေရချိန်တွင် ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေး၊ ရိက္ခာဖူလုံမှုရှိစေရေးအတွက် ဆန်နှင့်ဆီ ကျပ် ၃၈ ဘီလျံဖိုး ဝယ်ယူသိုလှောင်ရန် စီစဉ်နေပြီဟု အစိုးရအကြီးတန်းအရာရှိကြီးတစ်ဦးက Myanmar Now ကို အတည်ပြုသည်။
“လက်ရှိမှာ ရိက္ခာနဲ့ပတ်သက်ပြီး နိုင်ငံတကာဝယ်လိုအားတွေမြင့်လာတယ်၊ ဆန်ဆိုရင် အာဆီယံနိုင်ငံတွေထဲကတင် ကမ်းလှမ်းလာတာတွေ အများကြီးတိုးလာတယ်၊ ဒီအခြေအနေမှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်ဖို့ ၊ တောင်သူတွေ ထိုက်သင့်တဲ့ဈေးနှုန်းရဖို့၊ ကိုဗစ်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေဖြစ်လာရင် အရန်ရိက္ခာ ထားရှိဖို့အတွက်ပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
အဆိုပါအစီအစဉ်အတွက် ဆန်တန်ချိန် ၅၀,၀၀၀ (ဧည့်မထဆန် ၂၅ မှတ်) ၊ စားအုံးဆီတန်ချိန် ၁၂,၀၀၀ ကို ဧပြီ ၂၇ ရက်မှ စတင်ဝယ်ယူနိုင်ရန် စီစဉ်နေပြီး လိုအပ်သည့်ငွေကြေးကို မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်မတိုင်မီကတည်းက သမ္မတ၏ အရေးပေါ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခွင့်ရရှိပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
ဆန်လုပ်ငန်းရှင်များ ပို့ကုန်လိုင်စင်လျှောက်ထားသည့်အခါ စုစုပေါင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းအား ရောင်းချစေသောနည်းလမ်းဖြင့် ဝယ်ယူရန် အစိုးရကစီစဉ်ထားပြီး ပင်လယ်ရေကြောင်းမှ တင်ပို့သူများမှာ ရန်ကုန်မြို့၌လည်းကောင်း၊ နယ်စပ်ထွက်ပေါက်များမှ တင်ပို့သူများမှာ မန္တလေးမြို့၌လည်းကောင်း အစိုးရထံ ဆန်ပေးသွင်းရမည်ဖြစ်သည်။
မတ် ၁၆ မှ ဧပြီ ၂၁ အထိ ပြည်ပပို့ကုန်လိုင်စင်ခွင့်ပြုရန် လျှောက်ထားသည့် ဆန်ပမာဏမှာ တန်ချိန်တစ်သိန်းကျော်ရှိပြီး အရေးပေါ်ရိက္ခာအဖြစ်ရရှိရန် တန်ချိန်တစ်သောင်းခန့် အသင့်ရှိပြီးဖြစ်သည်ဟု ဦးခင်မောင်လွင်က ပြောသည်။
“အရန်ဆန်အပ်ပြီးမှ လိုင်စင်ခွင့်ပြုမှာပါ။ ဆန်စပါးအသင်းချုပ်နဲ့လည်း သဘောတူညီမှုရပြီးပါပြီ” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကလည်း “နွေစပါးပေါ်တဲ့အချိန်မှာ ဈေးမကျအောင် ထိန်းထားပြီးသားဖြစ်သလို တိုင်းပြည်အတွက်လိုအပ်တဲ့ရိက္ခာ ထိန်းသိမ်းထားပြီးသားဖြစ်မှာပါ”ဟု Myanmar Now ကို မှတ်ချက်ပြုသည်။
စားအုံးဆီကိုမူ လုပ်ငန်းရှင်တို့၏ ဆီလှောင်ကန်များတည်ရှိရာ ရန်ကုန်မှာပင် ဝယ်ယူမည်ဖြစ်ပြီး ၁၀ ပိဿာဆံ့ပုံးများဖြင့် သိုလှောင်ထားရှိမည်ဟု ဦးခင်မောင်လွင်ကဆိုသည်။

ပြည်ပသွင်းကုန်ဖြစ်သည့် စားအုန်းဆီကို အရန်ရိက္ခာအဖြစ် အစိုးရကဝယ်ယူမည့်ပမာဏအပြင် ဆီတင်သွင်းသည့် လုပ်ငန်းရှင်များလက်ဝယ်တွင် နေ့စဉ် စုစုပေါင်းတန်ချိန် ၁၂,၀၀၀ အပိုရှိစေရန်စီစဉ်နေပြီး လက်ကျန်အခြေအနေကို ကြီးကြပ်ရေးအဖွဲ့များနှင့် စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“လုပ်ငန်းရှင်တွေဆီက နေ့စဉ်သတ်မှတ်လက်ကျန်ကို နိုင်ငံတော်ကလိုအပ်တဲ့အချိန် ချက်ချင်းထုတ်ပေးဖို့ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနဲ့ ညှိနှိုင်းထားပါတယ်” ဟု ဦးခင်မောင်လွင်ကပြောသည်။
ယခုဝယ်ယူမည့် ဆန်နှင့်ဆီအတွက် စုစုပေါင်းသုံးစွဲမည့်ငွေပမာဏမှာ ဈေးကွက်ပေါက်ဈေးအပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်သော်လည်း အတိအကျကိုမူ သက်ဆိုင်ရာအသင်းများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ သို့သော် ရက်ပိုင်းအတွင်း အပြီးသတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း အစိုးရနှင့် သက်ဆိုင်ရာအသင်းတာဝန်ရှိသူတို့က ဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ပြည်တွင်းစားသုံးမှုပမာဏမှာ တစ်လလျှင် ဆန်တန်ချိန်ခြောက်သိန်း၊ ဆီတန်ချိန်ခြောက်သောင်းခန့်ရှိသည်။ ထို့ကြောင့် အရန်ရိက္ခာအဖြစ်ထားရှိမည့် ပြည်တွင်းထုတ်ကုန် ဆန်မှာ တစ်လတာစားသုံးမှုပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး ပြည်ပသွင်းကုန်ဖြစ်သော စားအုန်းဆီမှာမူ ပုံမှန်စားသုံးမှုနှင့်နှိုင်းယှဉ်လျှင် ၂ လစာနီးပါးရှိသည်။