
ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် အစိုးရက ကနဦးမတည်ထားသည့် ကျပ်ဘီလျံ ၁၀၀ ထဲမှ ပထမအသုတ်အဖြစ် ကျပ် ၆ ဘီလျံကျော်ကို လုပ်ငန်း ၈၈ ခုအား ထုတ်ချေးလိုက်ပြီဟု အစိုးရထိပ်တန်းအရာရှိတစ်ဦးက Myanmar Now ကိုပြောသည်။
“အများစုက အထည်ချုပ်နဲ့ ခရီးသွားလုပ်ငန်းတွေများတယ်။ ဧပြီ ၉ ရက်ကတည်းက ခွင့်ပြုတဲ့စာတွေ ထုတ်ပေးလိုက်ပြီ။ ဒီကနေ့ ဘဏ်တွေပြန်ဖွင့်ပြီဆိုတော့ သူတို့ထုတ်နေလောက်ပါပြီ။ မြန်မာ့စီးပွားရေးဘဏ်မှာ ထုတ်ရမှာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဧပြီ ၂၀ (ယနေ့) တွင် Myanmar Now ကိုပြောသည်။
နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံသုံးစွဲ၍ အထည်ချုပ်ကဲ့သို့သော ကုန်ကြမ်းယူ၊ ကုန်ချောပို့ လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းအခက်အခဲများကို ကုစားပေးမည်ဟု မတ် ၁၈ ရက်တွင် အစိုးရက ကြေညာထားခဲ့ခြင်းဖြစ်သည်။
အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၁ နှစ် သတ်မှတ်ထားသည့် ယင်းချေးငွေနှင့်ပတ်သက်၍ စီမံခန့်ခွဲရန် ‘COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ’ကို ဖွဲ့စည်း၍ အစိုးရက ဆောင်ရွက်နေခြင်းဖြစ်ပြီး ဦးအောင်နိုင်ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။
လျှောက်ထားမှုများကို အစိုးရ၏သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ၊ ငွေကြေးပမာဏမည်မျှ ထောက်ပံ့ရမည်ကို ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်း စသည့် လုပ်ငန်းစဉ်သုံးခုဖြင့် စိစစ်ခြင်းဖြစ်ပြီး အလုပ်သမားများကိုလစာပေးရန်၊ လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန် ရည်ရွယ်ကြောင်း ဦးအောင်နိုင်ဦးက Myanmar Now ကို ပြောထားသည်။
“ခွင့်ပြုပေးထားတဲ့ လုပ်ငန်းနယ်ပယ်မှာ သုံးမသုံးကို သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် ကြပ်မတ်တဲ့စစ်ဆေးမှုရှိပါမယ်။ ချေးငွေဖြစ်တဲ့အတွက် ပြန်ဆပ်ဖို့ တာဝန်လည်းရှိပါတယ်။ စပေးကတည်းကိုက စိစစ်ပြီးပေးတာဖြစ်တယ်၊ ဒါကြောင့် ရည်ရွယ်ချက်နဲ့မကိုက်လို့ ပြန်သိမ်းတာမျိုးတော့ မရှိနိုင်ဘူးလို့ ယူဆထားပါတယ်”ဟု ၎င်းကဆိုသည်။
ပထမအသုတ်ချေးငွေ ထုတ်ပေးမှုအတွင်း လုပ်ငန်းတစ်ခုအတွက် အများဆုံးရရှိသည့်ပမာဏ၊ ပယ်ချခံရသည့် အဆိုပြုမှုများရှိမရှိစသည့် အသေးစိတ်တို့ကို ဦးအောင်နိုင်ဦးထံမှ မသိရပေ။
ချေးငွေလျှောက်လွှာများကို ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှတစ်ဆင့်လည်း တင်၍ရပြီး ဧပြီ ၉ ညနေ ၆ နာရီအထိ လျှောက်လွှာပေါင်း ၁၆၀၀ ကျော် လက်ခံရရှိကြောင်း ယင်းအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒုတိယနှင့်တတိယအသုတ် ချေးငွေလျှောက်လွှာများ မကြာမီလက်ခံရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဦးအောင်နိုင်ဦးကဆိုသည်။
ကိုဗစ်နိုင်တင်းဂယက်ကြောင့် ကုန်ကြမ်းရရှိရန် အခက်အခဲရှိခြင်း၊ အထည်များတင်ပို့ရန် အခက်အခဲရှိခြင်း၊ တို့ကြောင့် စက်ရုံများပိတ်သိမ်းပြီး၊ လုပ်သားလျှော့ချခြင်းတို့ ဖြစ်ပေါ်နေပြီး ရန်ကုန်တိုင်းဒေသကြီးတွင် စက်ရုံလုပ်သား တစ်သောင်းခန့် ယခုနှစ်ဆန်းပိုင်းတွင် အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း အလုပ်သမားအဖွဲ့အစည်းများက ပြောသည်။