သတင်း

မောင်တောတွင် လက်ပစ်ဗုံးပေါက်ပြီး လေးနှစ်အရွယ် ကလေး သေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ ရွာတစ်ရွာတွင် မေလ ၃ ရက်နေ့က စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲဖြစ်စဉ်က ကျန်ရှိခဲ့သည်ဟု ယူဆရသော လက်ပစ်ဗုံးပေါက်ကွဲကာ အသက်လေးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားသည်။

မောင်တောမြို့မြောက်ဘက် ၂၄ မိုင်အကွာရှိ ဝက်ကျိန်းကျေးရွာအတွင်း ကလေးများကစားနေစဉ် မောင်ပိုင်ဝေးဆိုသည့် ကလေးငယ်က ကစားစရာပစ္စည်းဟု ထင်မှတ်ကာ ကောက်ယူလာသည့် လက်ပစ်ဗုံးကို ထုခွဲကစားရာမှ ပေါက်ကွဲပြီး သေဆုံးခြင်းဖြစ်သည်ဟု ရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းက ပြောသည်။ 

“အဲဒီကလေးတွေက စားနေတဲ့နေရာမှာ လက်ပစ်ဗုံးကို မြင်ပြီး ကောက်ယူခဲ့တယ်။ ပြီးတော့ ကိုယ့်အိမ်မှာ လှေကားကို တက်ဖို့လုပ်နေတုန်း ထုကြည့်တယ်တဲ့။ ဆိုတော့ ပေါက်ကွဲသွားပြီး နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံများ ပေးပို့သော ဓာတ်ပုံအရ ကလေးငယ်၏ ညာဘက်လက်သည် တံတောင်ဆစ်အောက်မှ ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်အနှံ့အပြား ဗုံးအစအနများ ထိမှန်ထားသည်ကို တွေ့ရသည်။ 

ဝက်ကျိန်းကျေးရွာအနီးတွင် ယမန်နှစ် သြဂုတ်လမှ နိုဝင်ဘာလအတွင်း စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ကလေးငယ် ကောက်ယူလာသည့် လက်ပစ်ဗုံးမှာ ထိုတိုက်ပွဲများအတွင်း မပေါက်ကွဲဘဲ ကျန်ရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆသည်။

၂၀၁၈ နှစ်ကုန်မှ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ထို့နောက် အပစ်ရပ်ခဲ့ကာ ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲပြန်ဖြစ်ခဲ့သော်လည်း နိုဝင်ဘာလကုန်ပိုင်းမှစ၍ နောက်တစ်ကြိမ် နှစ်ဖက်အပစ်ရပ်ထားသည်။

လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်။ (ဓာတ်ပုံ-ပေးပို့)

မောင်တောမြို့နယ် ဝက်ကျိန်းရွာအနီး တိုက်ပွဲဖြစ်ဖူး၍ လက်နက်ခဲယမ်းအန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်ပေးရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ထံ တင်ပြခဲ့သော်လည်း လာရောက်ရှင်းလင်းပေးခြင်း မရှိဟု အမည်မဖော်လိုသည့် ဝက်ကျိန်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“တိုက်ပွဲတွေဖြစ်ခဲ့လို့ မိုင်းတွေပေါက်ကွဲမှာကြောက်လို့ ဘယ်သူမှတောင် မတက်ရဲကြဘူး။ ဟင်းရှာထင်းခုတ် မလုပ်ရဲကြဘူး။ အခုလို ရွာထဲမှာ ထပ်ဖြစ်တော့ ပိုစိုးရိမ်သွားကြတယ်။ မိုင်းရှင်းလင်းပေးဖို့ အမြန်ဆုံး တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

ယာယီအပစ်ရပ်ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် နယ်မြေတည်ငြိမ်အေးချမ်းနေပြီဟု ဝါဒဖြန့်ရန် လွန်ခဲ့သည့်နှစ်များအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော ဒေသခံများကို နေရပ်အတင်းပြန်ခိုင်းနေသည်ဟု သိရသည်။ သို့သော် စစ်တပ်စခန်းများရှိနေဆဲဖြစ်ခြင်း၊ မိုင်းနှင့် လက်နက်ခဲယမ်းများ ရှင်းလင်းမပေးသောကြောင့် အများစုသည် နေရပ်မပြန်ရဲကြပေ။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ရခိုင်လူမှုအဖွဲ့အစည်းများက စစ်ကျန် လက်နက်ခဲယမ်းများအန္တရာယ်နှင့် ပတ်သက်၍ ပညာပေးအစီအစဉ်များ ပြုလုပ်ဖူးသော်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် အာဏာသိမ်းမှုဖြစ်စဉ်တို့ကြောင့် ရပ်တန့်သွားခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း ရခိုင်မြောက်ပိုင်းတွင် လက်နက်ကြီးကျည်စ ထိမှန်မှုနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၄၂ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၇၇ ဦး ရှိသည်ဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ပြုစုထားသော စာရင်းများအရ သိရသည်။ 

ရခိုင်ပြည်နယ်တွင် အာဏာမသိမ်းမီနှင့် ယမန်နှစ်အတွင်းက တစ်ကျော့ပြန်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူ အရေအတွက်မှာ စုစုပေါင်း ၉၈,၅၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button