
ပညာရေးဝန်ကြီးဌာနတွင် နေ့စားဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ သက်ကြီးပိုင်းအမျိုးသားတစ်ဦးတွင် ကိုဗစ်နိုင်တင်းလက္ခဏာများ တွေ့ရှိရသဖြင့် ရောဂါပိုးရှိ/မရှိကို စစ်ဆေးထားကြောင်း ပညာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးကိုလေးဝင်းက Myanmar Nowကို အတည်ပြုပြောဆိုသည်။
အဆိုပါအမျိုးသားမှာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ၎င်းနှင့်ထိစပ်မှုရှိခဲ့သည့် ဝန်ကြီးရုံးအမှတ် ၁၃ အပါအဝင် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူများကို အသွားအလာကန့်သတ် စောင့်ကြည့်နေသည်ဟု ၎င်းကဆိုသည်။
“ရုံးမှာ လူအနည်းငယ်ကလွဲလို့ ကျန်တဲ့သူ မလာခိုင်းထားပါဘူး။ ရှိသမျှလူ တော်တော်များများကို အိမ်မှာပဲ Lock Down သဘောမျိုးနဲ့ စောင့်ကြည့်ပြီး သူတို့လိုတာတွေကို တာဝန်ရှိတဲ့သူတွေက ဝယ်ပေးနေပါတယ်”ဟု ၎င်းကပြောသည်။
ယင်းပညာရေးဝန်ထမ်း၏ ဆေးစစ်ချက်အဖြေမှာ ယနေ့ည သို့မဟုတ် မနက်ဖြန်မှသိရမည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးကဆိုသည်။
အဆိုပါလူနာမှာ ယမန်နေ့(ဧပြီ၇ရက်) ညပိုင်းက နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ဆေးကုသခံရန် ကိုယ်တိုင်လာရောက်ခဲ့ခြင်းဖြစ်ပြီး အသက်အရွယ်ကြီးရင့်နေခြင်း၊ ကိုဗစ်နိုင်တင်းနှင့်ဆင်တူသော လက္ခဏာများ ရှိနေခြင်းကြောင့် ကိုဗစ်နိုင်တင်းရောဂါရှိ/မရှိ ဆေးစစ်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး၏ ထုတ်ပြန်ချက်အရ ဇဗ္ဗူသီရိမြို့နယ်တွင်နေထိုင်သည့် ယင်းအမျိုးသားမှာ အသက် ၆၅ နှစ်အရွယ် ရှိပြီဖြစ်ပြီး ကိုယ်တိုင်ခရီးသွားရာဇဝင် မရှိသော်လည်း အတူနေ သမီးဖြစ်သူမှာမူ ဧပြီ ၄ ရက်ကမှ ရန်ကုန်မြို့မှ ပြန်လာခြင်းကြောင်း၊ လူနာဖြစ်သူမှာ မူလကတည်းက အဆုတ်ရောင်ရောဂါရှိသူ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများကို နေအိမ်၌သာ နေခိုင်းထားပြီး ဓာတ်ခွဲမှုအဖြေရလဒ်ပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်မည်ဟု ဦးဇော်ဌေးက သတင်းထုတ်ပြန်ထားသည်။
ဧပြီ ၈ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့်/သံသယလူနာ ၈၃၇ ဦးတွင် ပိုးမတွေ့သူ ၇၈၈ ဦးရှိပြီး သံသယလူနာ နှစ်ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၂၂ ဦးရှိပြီဖြစ်ကာ ၂၇ ဦးမှာ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းနေသည်။ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၂၂ ဦးတွင် ၃ ဦးမှာ သေဆုံးသွားသည်။